Homeပြည်တွင်းသတင်းတောင်ငူမြို့ New Day ဆီဆိုင်အဝင်မှာ တွဲကားနောက်ဆုတ်စဉ် ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသား ကားကြားညှပ်မိ သေဆုံး

တောင်ငူမြို့ New Day ဆီဆိုင်အဝင်မှာ တွဲကားနောက်ဆုတ်စဉ် ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသား ကားကြားညှပ်မိ သေဆုံး

၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ New Day ဆီဆိုင်အဝင်မှာ ဒီကနေ့ ဇူလိုင် ၅ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး ကားကြားညှပ်မိ သေဆုံးခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

သိရတဲ့အချက်အလက်တွေအရ ဆီဖြည့်ဖို့ တန်းစီနေတဲ့ တွဲကားကြီးတစ်စီးဟာ ဆီပန့်ဘက်ကို ရွေ့နိုင်ဖို့ ရှေ့ယာဉ်ကို ကျော်တက်ရန် နောက်ဆုတ်စဉ် ကားကြီးနှစ်စီးကြားမှာ ရပ်ထားတဲ့ အသက် ၆၀ ကျော်အရွယ် အမည်မသိ ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးကို တိုက်မိပြီး ကားကြားညှပ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းသူဟာ ဦးခေါင်းကြေမွတဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အပြီးမှာ ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းက အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ရွှေမင်းဝင် ပရဟိတအသင်းရဲ့ နာရေးယာဉ်နဲ့ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

“သူ့မိသားစုနဲ့တော့ အဆက်အသွယ်ရပါပြီ။ ယာဉ်မောင်းကိုလည်း ရဲက ခေါ်ယူစစ်ဆေးနေပါတယ်။ ဆီဆိုင်ကတော့ ဆက်ဖွင့်ထားပါတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Related News

Most Read