Homeပြည်တွင်းသတင်းမင်းအောင်လှိုင်မိသားစု ဘန်ကောက်မှာ ဘတ် ၉၈ သန်း တန် ဇိမ်ခံအိမ် ဝယ်ယူ

မင်းအောင်လှိုင်မိသားစု ဘန်ကောက်မှာ ဘတ် ၉၈ သန်း တန် ဇိမ်ခံအိမ် ဝယ်ယူ

၂၅ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဟာ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းမှာ ဘတ် ၉၈ သန်းနီးပါး တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံး ဝယ်ယူခဲ့တယ်လို့ Justice For Myanmar (JFM) ရဲ့ စုံစမ်းဖော်ထုတ်မှုအသစ်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီဝယ်ယူမှုဟာ စစ်ကော်မရှင်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု ဒုတိယနှစ်အတွင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်က မင်းအောင်လှိုင်ဟာ နိုင်ငံတဝန်း ပြည်သူတွေ အပေါ် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးနှိပ်စက်မှုတွေ၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ကာလလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ကတော့ အဲ့ဒီအိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ရဲ့ အမည်နဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲ့ဒီအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited က ရောင်းချခဲ့တာဖြစ်ပြီး Emerald Princess Company Limited ဆိုတဲ့ ထိုင်းကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့တာပါ။ JFM ကတော့ Emerald Princess Company ဟာ မင်းအောင်လှိုင်မိသားစုရဲ့ ကြားခံရုပ်ပြကုမ္ပဏီဖြစ်ပြီး ဝယ်ယူသူရဲ့ အချက်အလက်တွေကို ဖုံးကွယ်ဖို့နဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား မြေပိုင်ခွင့်တားမြစ်ချက်ကို ရှောင်ဖို့အတွက် တည်ထောင်ထားတာလို့ ကောက်ချက်ချထားပါတယ်။

JFM ရဲ့ အဆိုအရ အဲ့ဒီအိမ်ရာဝယ်ယူရာမှာ အသုံးပြုခဲ့တဲ့ ငွေတွေဟာ အကျင့်ပျက်ခြစားမှုကနေ ရလာတဲ့ ငွေတွေဖြစ်နိုင်ပြီး၊ စစ်တပ်ပိုင်ကော်ပိုရေးရှင်းကြီးတွေ၊ နိုင်ငံပိုင်ပစ္စည်းတွေကို တရားမဝင်သိမ်းပိုက်တာတွေနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ မြေယာပိုင်ဆိုင်မှုဥပဒေနဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေတွေ အောက်မှာပါ ရာဇဝတ်ပြစ်မှုမြောက်နိုင်တယ်လို့ JFM က ထောက်ပြထားပါတယ်။

အဲ့ဒါကြောင့် ထိုင်းအာဏာပိုင်တွေ အနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့မိသားစုဝင်တွေ၊ စစ်ကော်မရှင်ခရိုနီ ထွန်းမင်းလတ်၊ Emerald Princess ကုမ္ပဏီ၊ Charn Issara ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း စုံစမ်းစစ်ဆေးပြီး ဒဏ်ငွေချမှတ်တာ၊ တရားစွဲဆိုတာနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်ဖို့ JFM က တောင်းဆိုထားပါတယ်။

JFM က ထပ်မံဖော်ထုတ်ထားတဲ့ အချက်အလက်တွေအရ စစ်ခေါင်းဆောင်ရဲ့ လူယုံ ထွန်းမင်းလတ်ဟာ Belle Grand Rama 9 ကွန်ဒိုမီနီယံမှာလည်း တန်ဖိုးကြီးတိုက်ခန်းတွေ ပိုင်ဆိုင်ထားပြီး၊ ၂၀၁၇ ခုနှစ်မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံကိုလည်း အဲ့ဒီနေရာမှာ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပိုင်ဆိုင်မှုတွေကိုလည်း ထိုင်းအာဏာပိုင်တွေ အနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအောက်မှာ စုံစမ်းပြီး သိမ်းဆည်းဖို့လိုတယ်လို့ JFM က ပြောပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ အပြစ်ပေးအရေးယူမခံရဘဲ ကျူးလွန်နေချိန်မှာ သူ့မိသားစုက မတရားရရှိထားတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာက အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းပါတယ်” လို့ ပြောပါတယ်။

သူက ဆက်ပြီး “ဒီလိုဖြစ်ခဲ့တာဟာ စစ်ကော်မရှင်၊ သူတို့မိသားစုတွေ၊ ခရိုနီတွေဆီက တရားမဝင်ငွေကြေးတွေ ထိုင်းနိုင်ငံထဲ စီးဝင်လာမှုကို တားဆီးဖို့ ထိုင်းအစိုးရက ပျက်ကွက်ခဲ့လို့ပဲ ဖြစ်ပါတယ်” လို့ ပြောထားပါတယ်။

JFM ကတော့ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျတို့ အနေနဲ့ မျိုးရတနာထိုက်နဲ့ မင်းအောင်လှိုင်ရဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ကိုပါ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး