Homeဆောင်းပါးဇော်မွှားပန်းတွေ ထပ်ပွင့်ဖို့လိုလာတဲ့ ကမ္ဘာမြေ

ဇော်မွှားပန်းတွေ ထပ်ပွင့်ဖို့လိုလာတဲ့ ကမ္ဘာမြေ

“ဇော်မွှားပန်းတော်လှန်ရေး”တဲ့ ဘယ်လောက်လှလိုက်တဲ့ နာမည်လဲ။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှာ ဖြစ်ခဲ့တာပေါ့။ ပိုပြီးအံ့ဩစရာကောင်းတာက အဲဒီတော်လှန်ရေးကို စခဲ့သူတွေက စစ်တပ်ထဲက အောက်ခြေအဆင့် အရာရှိတွေပါတဲ့။

စစ်တပ်ထဲက အရာရှိတွေဟာ အာဏာရှင်ဆီကနေ အာဏာသိမ်းခဲ့တယ်ဆိုပေမဲ့ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီကို ကူးပြောင်းဖို့ဖြစ်ပါတယ်။ ပေါ်တူဂီရဲ့ ဒီမိုကရေစီကူးပြောင်းမှုအကျိုးဆက်အဖြစ် တခြားအာဏာရှင်နိုင်ငံတွေပါ ဒီမိုကရေစီကို ကူးပြောင်းခဲ့ကြပါတယ်။

ပေါ်တူဂီက စခဲ့တဲ့ပြောင်းလဲမှုကိုတော့ နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဟန်တင်တန်က “တတိယ ဒီမိုကရေစီလှိုင်း” လို့ စသုံးနှုန်းခဲ့ပါတယ်။ အဲဒီတတိယလှိုင်းစခါစမှာတော့ ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံ တော်တော်များများ ရှိနေတဲ့အချိန်ပါ။ စိတ်မကောင်းစရာကတော့ အခု ၂၀၂၆ မှာ ကမ္ဘာကြီးဟာ အဲဒီလို အာဏာရှင်နိုင်ငံခပ်များများရှိတဲ့အခြေအနေကို ပြန်ရောက်သွားပါပြီတဲ့။

ဘယ်သူကပြောတာလဲဆိုတော့ V-Dem ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ V-Dem ဆိုတာ Varieties of Democracy ရဲ့ အတိုကောက်ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီ သုတေသနအဖွဲ့အစည်းတခု ဖြစ်သလို နှစ်စဉ် ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ထုတ်ပြန်နေတာပါ။

V-Dem ဟာ ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီအစီရင်ခံစာကို အခုမတ်လထဲမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာကြီးဟာ ၁၉၇၈ အခြေအနေကို ပြန်ရောက်နေပြီလို့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

တတိယလှိုင်းကနေ ရလာခဲ့တဲ့ တိုးတက်မှုတွေဟာ အားလုံးနီးပါး ပျက်ပြယ်သွားပြီး ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၆ ဘီလီယံ၊ တကမ္ဘာလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ အာဏာရှင်စနစ်အောက်မှာ နေထိုင်နေရပါပြီတဲ့။ မြန်မာကလည်း အဲဒီ ၇၄ ရာခိုင်နှုန်းထဲမှာ သေချာပေါက်အပါအဝင်ပေါ့။

ဘာကြောင့်လဲဆိုတော့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူကြီး မင်းအောင်လှိုင်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ ကမ္ဘာ့ ဒီမိုကရေစီညွှန်းကိန်းအဆင့်တွေထဲ ၃ နှစ်ဆက်တိုက် အောက်ဆုံးကနေစရေတွက်ရင် အဆင့် ၃ ရနေလို့ပါ။ အဆင့် ၁ ကတော့ အီရီထရီးယားနိုင်ငံနဲ့ အဆင့် ၂ ကတော့ မြောက်ကိုရီးယားဖြစ်ပါတယ်။

မြန်မာတွေအတွက် မပူနဲ့ဆောင်းတွင်းရောက်ပြီဆိုတဲ့ ၂၀ ရာစုက ကြော်ငြာတစ်ခုလိုပါပဲ။ မြန်မာတွေ အားမငယ်နဲ့ ဘဝတူတွေ များတယ်လို့ ပြောရမလိုဖြစ်နေပါပြီ။ V Dam ရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့  ၀ ဒသမ ၆ ဘီလီယံ ( ၇ ရာခိုင်နှုန်း) ကပဲ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ နေထိုင်ကြပါသတဲ့။

ဒီမိုကရေစီဆုတ်ယုတ်မှုကို တိုင်းတာတဲ့အခါမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အဓိကထား တိုင်းတာလေ့ရှိကြပါတယ်။ အခု အဲဒီအခွင့်အရေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုမှာ အဆိုးရွားဆုံးပါပဲ။

V Dam အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် တိုးတက်မှု ရှိခဲ့ပြီး ၅ နိုင်ငံသာ ဆုတ်ယုတ်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတေ့ ၁၁ နိုင်ငံပဲ တိုးတက်ပြီး ၄၄ နိုင်ငံက ဆုတ်ယုတ်နေပါသတဲ့။

လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကိုကြည့်မယ်ဆိုရင်လည်း ၂၀၀၀ ပြည့်နှစ်နဲ့  ၂၀၂၅ ခုနှစ်ကြား ခြားနားချက်ဟာ တော်တော်တုန်လှုပ်ဖို့ ကောင်းတယ်လို့ V Dam က ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက  ၅၄ နိုင်ငံမှာ တိုးတက်ခဲ့ပြီး ၂ နိုင်ငံသာ ဆုတ်ယုတ်ခဲ့ပေမဲ့လည်း

၂၀၂၅ ခုနှစ်မှာတော့ ၅ နိုင်ငံပဲ တိုးတက်ပြီး ဆုတ်ယုတ်တဲ့ နိုင်ငံက ၂၄ နိုင်ငံထိ ရှိလာပါတယ်။


ဒါက V Dam ရဲ့ အချက်တချို့ကိုပဲ ကောက်နှုတ်ပြတာဖြစ်ပြီး တခြားဒီမိုကရေစီစံနှုန်းတွေ (ဥပမာ -ရွေးကောက်ပွဲစံနှုန်း၊ မီဒီယာလွတ်လပ်ခွင့်) တွေဟာလည်း ကမ္ဘာပေါ်မှာ ဆုတ်ယုတ်လာနေပါတယ်။

ဒီမိုကရေစီက အခုအချိန်မှာ ဘာကြောင့် အဲဒီလောက်ထိ ဆုတ်ယုတ်လာသလဲ။

တခြားကို ကြည့်စရာမလိုပါဘူး။ ကမ္ဘာ့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ကိုပဲ ကြည့်ရအောင်ပါ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ နယူးယောက်တိုင်းမ်စ် သတင်းစာကြီးက ပြင်းထန်တဲ့ အယ်ဒီတာ့အာဘော်တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ဒီမိုကရေစီကို ကျွန်တော်တို့ ဆုံးရှုံးနေပြီလား” (Are We Losing Our Democracy?) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။

ဆိုလိုတာက အဝါရောင် သံပုရာသီး တခြမ်းခေါင်းပေါ်တင်ထားတဲ့ ဆံပင်ကေနဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ အမေရိကန်ဟာ အာဏာရှင်စနစ်ဆီကို ကူးပြောင်းနေတယ်ဆိုတဲ့အကြောင်းပါ။ V Dam ကလည်း အမေရိကန်ရဲ့ ဒီမိုကရေစီဆုတ်ယုတ်မှုအခြေအနေကို ထောက်ပြထားပါတယ်။

V Dam ကတော့ ကမ္ဘာတစ်ဝှမ်းမှာ အုပ်ချုပ်ရေးအာဏာကို ထိန်းကျောင်းကြီးကြပ်မှုတွေ ပျက်စီးလာတာကို မြင်နေရပြီး လစ်ဘရယ်ဒီမိုကရေစီရဲ့ ဝိသေသတွေ ပျောက်ကွယ်သွားတဲ့ နိုင်ငံအရေအတွက်ဟာ စိုးရိမ်စရာကောင်းလောက်အောင်များနေတယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ တစ်ခုသတိထားစရာဖြစ်လာတာကတော့ ပူလစ်ဇာဆုရသတင်းစာဆရာမ အန်း အက်ပဲလ်ဘောင် ရေးပြီး ၂၀၂၄ ခုနှစ်တုန်းကထွက်ခဲ့တဲ့ “အာဏာရှင်ကော်ပိုရေးရှင်း” ( Autocracy, Inc.) စာအုပ်မှာ ပါတဲ့အချက်တွေ ဖြစ်ပါတယ်။

အဲဒါကတော့ ၂၁ ရာစုမှာ အာဏာရှင်တွေဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အရှက်မရှိ ကိုယ်ကျိုးအတွက် ဘာမဆိုလုပ်ရဲနေတယ်ဆိုတဲ့အချက်နဲ့ အာဏာရှင်နိုင်ငံတွေဟာ အချင်းချင်း ဖေးမကြတယ်ဆိုတဲ့ အချက်ကြပါ။

မြန်မာနိုင်ငံက လူထုအတွက်တော့ ဒီအချက်တွေကို ထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ အခြေအနေပါပဲ။ နေပြည်တော်ကို ဝင်ချည်ထွက်ချည်လုပ်နေတဲ့ တခြားနိုင်ငံက အာဏာရှင်တွေနဲ့ ဘယ်သူဘာပြောပြော လူထုကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဗြောင်လိမ်၊ ဗြောင်စားလုပ်နေတဲ့ မင်းအောင်လှိုင် ချုပ်ကိုင်ထားတဲ့ အခြေအနေအောက်မှာ ရှင်သန်နေရလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးအတွက်ကတော့ V Dam အစီရင်ခံစာဟာ ဒီမိုကရေစီအတွက် အန္တရာယ် အချက်ပေးခေါင်းလောင်းသံပါပဲ။ ဒီခေါင်းလောင်းသံကို ကျွန်တော်တို့ ဂရုမစိုက်လို့ မရပါဘူး။ နောက်မျိုးဆက်တွေအတွက်သာမက ကမ္ဘာမြေကြီးအတွက် အန္တရာယ်ရှိနေတဲ့ အခြေအနေ ဖြစ်နေလို့ပါ။

၂၁ ရာစုမှာတော့ ကမ္ဘာကြီးအတွက် နောက်ထပ် ဇော်မွှားပန်းတွေ ထပ်ပွင့်ဖို့ လိုအပ်နေပါပြီ။

ရေးသူ – ကောက်ရိုး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး