၂၅ မတ် ၂၀၂၆ | New Day Myanmar
ကျိုက်ထိုမှာ စည်းကမ်းမဲ့အသံချဲ့စက်အသုံးပြုမှုတွေကို တားဆီးပေးဖို့ တောင်းဆိုမှုတွေရှိနေတယ်လို့ ကျိုက်ထို မြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။
မတ်လ ၂၄ ရက်အထိ အသံချဲ့စက်အသံတွေ ဆူညံမှုကိုတားဆီးပေးဖို့ လာရောက်တိုင်ကြားသူ ဆယ်ဦးကျော်ရှိနေပြီဖြစ်တယ်လို့လည်းဆိုပါတယ်။
အသံချဲ့စက်အသုံးပြုမှုကြောင့် သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေ ရဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်တဲ့အခြေအနေတွေအပေါ် ဒေသခံပြည်သူတွေက စိုးရိမ်မှုတွေ မြင့်တက်လာနေကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ကျန်းမာရေးဘက်က ကြည့်ပါက အလွန်အကျွံ အသံဆူညံမှုတွေဟာ လူနာတွေ ရဲ့ အနာရောဂါအခြေအနေ ပိုမိုဆိုးရွားစေနိုင်သလို ကလေးငယ်တွေအတွက် အိပ်စက်မှုပျက်စီးတာ၊ စိတ်ဖိစီးမှုတိုးပွားတာ စတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပါတယ်။
အထူးသဖြင့် နေထိုင်ရာပတ်ဝန်းကျင်မှာ အသံချဲ့စက်တွေကို အချိန်မရွေး အသံမြင့်ဖွင့်လှစ်တာဟာ အခြားပြည်သူတွေ ရဲ့ နေထိုင်ခွင့် နဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။
“အများပြည်သူ နေထိုင်မှုကို ထိခိုက်စေတဲ့ အသံဆူညံမှုတွေကို လျှော့ချဖို့ လိုအပ်နေပါတယ်” လို့ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။
ဒေသခံတွေ အနေနဲ့ အသံချဲ့စက်အသုံးပြုမှုကို စည်းကမ်းတကျ ထိန်းချုပ်ပေးရန်နဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ပေးရန် တောင်းဆိုနေကြပါတယ်။
အသံညစ်ညမ်းမှုဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်ပါ သက်ရောက်နိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ကိုယ်ချင်းစာမှုနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။
ပုံစာ – ရန်ကုန်ရပ်ကွက်တစ်ခုအတွင်းက အလှူခံမဏ္ဍပ်မှာ အသံချဲ့စက်နဲ့ ဖွင့်ထားတဲ့ လော်စပီကာတွေကို တွေ့ရစဉ်
ဓါတ်ပုံ – RFA


