၆ ဇွန် ၂၀၂၆ | New Day Myanmar
မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်နိုင်ငံတွေမှာ လူသားချင်းစာနာမှု အကူအညီ အရေးပေါ်လိုအပ်နေသူတွေအတွက် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၂၄၀ သန်းကျော် ထောက်ပံ့သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ ထောက်ပံ့ငွေတွေကို အရေးပေါ် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးဝန်ဆောင်မှုတွေ အပြင် အမိုးအကာထောက်ပံ့ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Catholic Relief Services (CRS) ကို ရန်ပုံငွေပေးအပ်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝန်း အရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ၂၄ နာရီအတွင်း တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။
CRS ဟာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ နှစ်ပေါင်း ၈၀ နီးပါး အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ဒီထောက်ပံ့မှုဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နဲ့ သဘောတူညီထားတဲ့ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ရဲ့ အစီအစဉ်အများအပြား ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာနယ်စပ်ဒေသက ဒုက္ခသည်တွေနဲ့ ပြည်တွင်းက လူသားချင်းစာနာမှု အကူအညီလိုအပ်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခု ထောက်ပံ့မှုဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ ဒေသတွေအတွက် အရေးပေါ်တုံ့ပြန်နိုင်ရေးနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေးကို အထောက်အကူပြုမယ်လို့ မျှော်လင့်ရပါတယ်။
ပုံစာ – စစ်ကိုင်းတိုင်း ဘုတလင်ဒေသအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသခံများကို တွေ့ရစဉ်။


