၁၈ ဧပြီ ၂၀၂၆ | New Day Myanmar
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့တဲ့ ကုန်တင်သင်္ဘောတွေထဲက အနည်းဆုံး ၂ စင်းမှာ စနေနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်လို့ ပင်လယ်ရေကြောင်းလုံခြုံရေးနဲ့ သင်္ဘောလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ဒီဖြစ်ရပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ယခင်အခြေအနေ အတိုင်း တင်းကျပ်စွာ ထိန်းချုပ်သွားမယ်လို့ အီရန်စစ်ဘက်က ကြေညာပြီးနောက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အီရန်ဘက်ကလည်း သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားကို ဖြတ်သန်းတဲ့ မည်သည့်သင်္ဘောမဆို ပစ်မှတ်ထားခံရနိုင်တယ်လို့ ယခင်ကတည်းက သတိပေးထားခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြားမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆိုးရွားဆုံးအဆင့်တစ်ခုကို ရောက်ရှိနေပါတယ်။ အမေရိကန်ဘက်က အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ထားပြီး အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ပြီး သင်္ဘောသွားလာမှုတွေကို ကန့်သတ်လာတာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်တာကြောင့် လက်ရှိတင်းမာမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်နဲ့ ရေကြောင်းကုန်သွယ်ရေး လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။


