Homeအထူးသတင်းဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း အီရန်ကြေညာ

ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း အီရန်ကြေညာ

၁၈ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဆက်လက်ရှိနေချိန်မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်တင်းကျပ်စွာ ထိန်းချုပ်သည့် ယခင်အခြေအနေ ကို ပြန်လည်သတ်မှတ်လိုက်ကြောင်း အီရန်ဘက်က ကြေညာပါတယ်။

အီရန်စစ်ဘက် စစ်ဆင်ရေးကွပ်ကဲမှုဌာန ကတမ်အယ်လ်အန်ဘီယာရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ပင်လယ်ဓားပြလုပ်ရပ်လို့ သတ်မှတ်ထားပြီး ဟော်မုဇ်ရေလက်ကြားဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တင်းကျပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ထိန်းချုပ်မှုအောက်မှာ ပြန်လည်ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အီရန်ကနေ ထွက်ခွာမယ့် သို့မဟုတ် အီရန်ကို ဝင်ရောက်လာမယ့် သင်္ဘောတွေ အားလုံးအတွက် လွတ်လပ်စွာ သွားလာခွင့်ကို အမေရိကန်ဘက်က အပြည့်အဝ ပြန်မပေးသရွေ့ ရေလက်ကြားအခြေအနေဟာ တင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ ယခင်အခြေအနေအတိုင်း ဆက်ရှိနေမယ်လို့လည်း ဖော်ပြထားပါတယ်။

ယမန်နေ့က အီရန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဘက်က ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ကြေညာခဲ့ကြပေမယ့် နျူကလီးယားအစီအစဉ်အပါအဝင် အဓိကကိစ္စတွေမှာ ဝါရှင်တန်နဲ့ သဘောတူညီမှု မရရှိသေးသရွေ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဆက်ရှိနေမယ်လို့ ထရမ့်က ပြောထားပါတယ်။

ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားအခြေအနေဟာ ယခုအချိန်ထိ မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး