၆ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်ကြား စစ်မက်အရှိန်လျှော့ချရေးအတွက် အစ္စလာမ္မာဘတ် သဘောတူညီချက် လို့ ခေါ်တဲ့ အစီအစဉ်တစ်ရပ် ထွက်ပေါ်လာပြီး တနင်္လာနေ့မှာ စတင်သဘောတူနိုင်ဖို့ လျာထားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ သဘောတူညီချက်ဟာ အဆင့်နှစ်ဆင့်ပါဝင်ပြီး ပထမအဆင့်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီး ဒုတိယအဆင့်မှာ နောက်ဆုံးသဘောတူညီချက်တစ်ရပ် ရယူဖို့ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ အပစ်ရပ်စဲရေး ချက်ချင်း အသက်ဝင်နိုင်ပြီး ကမ္ဘာ့ရေနံပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဒီသဘောတူညီချက်ရဲ့ မူဘောင်ကို ပါကစ္စတန်နိုင်ငံက ရေးဆွဲထားပြီး အီရန်နဲ့ အမေရိကန်တို့အကြား အီလက်ထရွန်းနစ်နည်းလမ်းနဲ့ အပြန်အလှန် ပေးပို့ပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ နားလည်မှုစာချွန်လွှာ (MOU) အဖြစ် အတည်ပြုသွားမယ်လို့လည်း ဆိုပါတယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်၊ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီတို့နဲ့ ပါကစ္စတန် ကြည်းတပ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာတို့က တစ်ညလုံး ဆက်သွယ်ညှိနှိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ဆုံးသဘောတူညီချက်ကိုတော့ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ရယူနိုင်ဖို့ ရည်ရွယ်ထားပြီး အဲဒီထဲမှာ အီရန်ဘက်က နျူကလီးယားလက်နက် မထုတ်လုပ်တော့ကြောင်း ကတိပြုရမယ်ဆိုတာနဲ့အတူ အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးတာ၊ ပိုင်ဆိုင်မှုတွေ ပြန်လည်ထုတ်ပေးတာတွေ ပါဝင်နိုင်ပါတယ်။
ဒါပေမယ့် အီရန်ဘက်က အခုချိန်ထိ အဆိုပြုချက်အပေါ် တရားဝင် တုံ့ပြန်မှု မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်အရာရှိတွေကတော့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ဆိုရင် အမေရိကန်နဲ့ အစ္စရေးဘက်က ထပ်မံ တိုက်ခိုက်မလာတော့ဘူးဆိုတဲ့ အာမခံချက်လိုအပ်တယ်လို့ ယခင်က ပြောထားပါတယ်။
လက်ရှိမှာတော့ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှု အဟန့်အတားဖြစ်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဒီလို သံတမန်ရေးဆွေးနွေးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကလည်း မကြာသေးခင်ကာလအတွင်း ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ဖို့ ဖိအားပေးနေပြီး အပစ်ရပ်စဲရေး မရရှိဘူးဆိုရင် နောက်ဆက်တွဲ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။


