Homeအထူးသတင်းဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံရတဲ့ သင်္ဘောထဲ ပိတ်မိခဲ့တဲ့ ထိုင်းသင်္ဘောသား ၃ ဦး သေဆုံး

ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံရတဲ့ သင်္ဘောထဲ ပိတ်မိခဲ့တဲ့ ထိုင်းသင်္ဘောသား ၃ ဦး သေဆုံး

၉ ဧပြီ ၂၀၂၆ New Day Myanmar

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့လက ဟော်မုဇ်ရေလက်ကြားမှာ အပစ်ခံရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ် ပိတ်မိခဲ့တဲ့ သင်္ဘောသား ၃ ဦး သေဆုံးသွားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ထိုင်းသင်္ဘောဝန်ထမ်း ၃ ဦးကို အိုမန်နဲ့ အီရန် ကယ်ဆယ်ရေးအဖွဲ့များ၊ ကုမ္ပဏီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကြိုးစားကယ်ဆယ်ခဲ့ကြပေမယ့် သင်္ဘောပေါ်မှာ အလောင်းအဖြစ်နဲ့သာ ဝမ်းနည်းစွာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ဧပြီ ၈ ရက် သတင်းစာရှင်းပွဲမှာ အတည်ပြုပြောပါတယ်။

သေဆုံးသွားသူတွေကတော့ နောင်ဘိုလမ်းဖူးက လျှပ်စစ်မီးပြင်ဆရာ ကစ်သီဆဒ်၊ စမွတ်ပရကန်က လက်သမားဆရာ ဖာနုဖုန်း မင်ထဲန်နဲ့ တာ့ခ်ခရိုင်က စက်ပြင်ဆရာ ချဝလိတ် ချိုင်းဝုန်းတို့ ဖြစ်ကြပါတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ဝမ်းနည်းတသဖြစ်ရကြောင်းနဲ့ သူတို့အတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေကို အကောင်းဆုံး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အိုမန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ခေါ်မှုနဲ့ ဧပြီ ၁၅ နဲ့ ၁၆ ရက်တွေအတွင်း အိုမန်နိုင်ငံကို သွားရောက်ဖို့ရှိပြီး အပစ်ခံရတဲ့ မယူရီနာရီသင်္ဘောပေါ်က ဝန်ထမ်းတွေကို ကယ်ဆယ်ခဲ့တဲ့အတွက် တရားဝင် ကျေးဇူးတင်ကြောင်း ပြောဆိုဖို့ဖြစ်သလို ဟော်မုဇ်ရေလက်ကြားမှာ ယခုအချိန်ထိ ပိတ်မိနေသေးတဲ့ ထိုင်းကုန်တင်သင်္ဘော ၉ စင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းလာနိုင်ရေးအတွက် ဆွေးနွေးဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ကုန်တင်သင်္ဘော ၉ စင်းထဲမှာ ၅ စင်းက ဓာတ်မြေဩဇာတွေဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးကြီးကာ သီတင်းပတ် ၂ ပတ်အတွင်း ထိုင်းကို ပြန်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။

လက်ရှိ အမေရိကန်နဲ့ အီရန်တို့ရဲ့ ၂ ပတ်တာ အပစ်ခတ်ရပ်စဲထားမှုကို ကြိုဆိုပြီး ယာယီအပစ်ခတ်ရပ်စဲမှုကနေ ထာဝရ အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ရခဲ့တဲ့ ဘန်ဂျတ်ကုမ္ပဏီပိုင် ရေနံတင်သင်္ဘောကတော့ ဧပြီ ၇ ရက် ညပိုင်းက ချွန်းပူးရီးခရိုင်၊ ဆရီရားချားမြို့ရှိ ဆိပ်ကမ်းကို ဆိုက်ရောက်လာပြီး ရေနံစိမ်း စည်ပေါင်း ၇၀၀,၀၀၀ တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး