၂၄ မတ်လ ၂၀၂၆ | New Day Myanmar
ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတစ်စင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဘန်ကောက်မှာရှိတဲ့ အီရန်သံရုံးက မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်ဟာ အီရန်၊ ထိုင်း နဲ့ အိုမန် သုံးနိုင်ငံကြား ပူးပေါင်းညှိနှိုင်းမှုတွေကြောင့် ဖြစ်လာတာဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေကြားမှာ သံတမန်ရေးအရ အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ရပ်လို့လည်း သုံးသပ်နေကြပါတယ်။
အီရန်ဘက်က “မိတ်ဆွေတွေကို မမေ့ဘူး” လို့ ပြောကြားထားတာက ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုတဲ့ သဘောထားကို ပြသတာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
ဒါပေမယ့် မတ်လ ၁၁ ရက်နေ့မှာတော့ ‘Mayuree Naree’ လို့ခေါ်တဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားဖြတ်သန်းစဉ် ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပြီး စက်ခန်းနဲ့ သင်္ဘောပဲ့ပိုင်း ထိခိုက်ပျက်စီးခဲ့သလို မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တာဝန်ယူခဲ့ပြီး ဒေသတွင်း ရေကြောင်းလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း သင်္ဘောသား ၂၃ ဦးအနက် ၂၀ ဦးကို အိုမန်ရေတပ်က ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန် ၃ ဦးကတော့ သင်္ဘောအတွင်း ပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ယခုအခါ ထိုင်းသင်္ဘော ဘေးကင်းစွာ ဖြတ်သန်းနိုင်မှုဟာ အီရန်၊ ထိုင်း နဲ့ အိုမန်တို့ကြား တင်းမာနေတဲ့ အခြေအနေကို လျှော့ချနိုင်တဲ့ အချက်တစ်ရပ်ဖြစ်ပြီး ဒေသတွင်း သံတမန်ရေး ဆက်ဆံရေး ပြန်လည်ညှိနှိုင်းနေတဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
ပုံစာ – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ Khor Fakkan မှမြင်ရသော Hormuz ရေလက်ကြားတွင် ရေနံတင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများ တန်းစီစောင့်ဆိုင်းနေပုံ
ဓါတ်ပုံ – AP


