၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားတို့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနဲ့ စစ်တပ်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံမှုကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမမှာ ပြုလုပ်ခဲ့တာလို့ စစ်အုပ်စုဘက်က ဇူလိုင် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးမှုအတွင်း မြန်မာ–တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအပြင် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့အခြေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ရဲဝင်းဦးက တရုတ်သံအမတ်ကို ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
တချိန်တည်းမှာ စစ်တပ်နှစ်ရပ်ကြား နည်းပညာနဲ့ သတင်းအချက်အလက်အပါအဝင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါတယ်။
ရဲဝင်းဦးဟာ စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်က သမ္မတရာထူးရယူပြီးနောက် မတ်လကုန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။


