Homeပြည်တွင်းသတင်း၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စစ်ယူနီဖောင်းချွတ် သမ္မတ မင်းအောင်လှိုင် စွပ်စွဲ

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စစ်ယူနီဖောင်းချွတ် သမ္မတ မင်းအောင်လှိုင် စွပ်စွဲ

၁၀ ဧပြီ ၂၀၂၆ | New Day Myanmar

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အာဏာရပါတီက မဲမသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ယူနီဖောင်းချွတ် သမ္မတ မင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ ကတိသစ္စာပြုပွဲ မိန့်ခွန်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်က ပြည်သူအားလုံးကို ကိုယ်စားပြုပြီး ပြည်ထောင်စုလွှတ်တော်က သူ့ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့တာကို လေးစားကြောင်း ပြောပြီး နိုင်ငံတာဝန်တွေကို “ဂုဏ်ယူကျေပွန်စွာ ထမ်းဆောင်သွားမယ်” လို့ ဆိုပါတယ်။

မိန့်ခွန်းထဲမှာတော့ “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်ရုပ်ဆိုး အကျည်းတန်တဲ့ မဲမသမာမှုတွေ ပြုလုပ်ခဲ့တာကြောင့် တရားမျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်ဘက်က နိုင်ငံရေးပါတီတွေ နဲ့ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဥပဒေအရ အေးချမ်းစွာ ဖြေရှင်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မဖြစ်နိုင်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ကတိသစ္စာပြုပွဲမှာ သမ္မတအပါအဝင် ဒုသမ္မတ ၃ ဦးက ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။

ထို့အပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေဖြစ်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ နဲ့ အခြားအဖွဲ့အစည်းဝင်တွေကလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။

ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး