Homeပြည်တွင်းသတင်းရွေးကောက်ပွဲဝေဖန်မှုဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင် (၄) ဦး လွတ်မြောက်လာသော်လည်း ဒါရိုက်တာမိုက်တီး ဆက်လက်ထိန်းသိမ်းခံထားရ

ရွေးကောက်ပွဲဝေဖန်မှုဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင် (၄) ဦး လွတ်မြောက်လာသော်လည်း ဒါရိုက်တာမိုက်တီး ဆက်လက်ထိန်းသိမ်းခံထားရ

၃၀ ဧပြီ ၂၀၂၆ | New Day Myanmar

ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ (ကဆုန်လပြည့်နေ့)မှာ စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ အနုပညာရှင် (၄) ဦး ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် နာမည်ကြီး ဒါရိုက်တာ မိုက်တီးကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ လူရွှင်တော် အုန်းဒိုင်းနဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အနုပညာရှင် (၄) ဦးဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုခြင်းနှင့် သတင်းတွေကို တုံ့ပြန်မှု (Reaction) ပေးခြင်းတို့ကြောင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က)နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရသူတွေဖြစ်ပါတယ်။

ဒါရိုက်တာ မိုက်တီးဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ကိုသက်လွင်နဲ့ အခြားအနုပညာရှင် လေးယောက် လွတ်လာပေမယ့် ကိုမိုက်တီး ကျန်ခဲ့တာက အခြားကိစ္စတွေရှိမယ်ထင်ပါတယ်” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနှုန်းဟာ နည်းပါးနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ လွတ်မြောက်လာတဲ့ အနုပညာရှင်တွေဟာ အဆိုပါ (၄) ဦးသာ ရှိနေသေးတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး