ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းစု POSCO International က အရှေ့တောင်အာရှဒေသမှာ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းတွေ ပိုမိုတိုးချဲ့ဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံက လက်ရှိကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ နိုင်ငံတကာစွမ်းအင်သတင်းဌာန Upstream က ဖော်ပြပါတယ်။
တောင်ကိုရီးယားရဲ့ အဓိကသံမဏိနဲ့ ကုန်သွယ်ရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ POSCO International ဟာ မြန်မာနဲ့ ဩစတြေးလျနိုင်ငံတွေက စီမံကိန်းတွေကို တိုးတက်အောင် ဆောင်ရွက်ရင်း သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်တဲ့ ကုမ္ပဏီအဖြစ် ပိုမိုအခန်းကဏ္ဍယူဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
POSCO International ဟာ ရခိုင်ကမ်းလွန်ရှိ A-1 နဲ့ A-3 လုပ်ကွက်တွေက ရွှေ၊ ရွှေဖြူနဲ့ မြ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အော်ပရေတာအဖြစ် ဦးဆောင်လုပ်ကိုင်နေပါတယ်။ အဲဒီစီမံကိန်းကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆီ နေ့စဉ် ပျမ်းမျှ ကုဗပေ သန်း ၅၀၀ ခန့် ပို့လွှတ်နေတာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
မြန်မာ့ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းမှာ POSCO International အပြင် အိန္ဒိယအစိုးရပိုင် ONGC Videsh နဲ့ GAIL၊ တောင်ကိုရီးယားအစိုးရပိုင် Korea Gas Corporation (KOGAS) နဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့လည်း ပါဝင်ထားပါတယ်။
ကုမ္ပဏီဟာ လက်ရှိထုတ်လုပ်မှုပမာဏကို ဆက်လက်ထိန်းထားနိုင်ဖို့ အဆင့် ၂၊ အဆင့် ၃ နဲ့ အဆင့် ၄ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပါတယ်။
အဆင့် ၂ လုပ်ငန်းမှာ ထုတ်လုပ်ရေးတွင်းအသစ်တွေ တူးဖော်ပြီး ရွှေသဘာဝဓာတ်ငွေ့ပလက်ဖောင်းနဲ့ ဆက်သွယ်တပ်ဆင်တာတွေ ပါဝင်ကာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ဖိအား ကျဆင်းလာချိန်မှာ ထုတ်လုပ်မှုဆက်ထိန်းနိုင်ဖို့ ဖိအားမြှင့်ပလက်ဖောင်းတပ်ဆင်တဲ့ အဆင့် ၃ လုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
အဆင့် ၄ စီမံကိန်းမှာတော့ ရေနက်ဓာတ်ငွေ့ကွင်း ၂ ခုမှာ ထုတ်လုပ်ရေးတွင်း ၃ တွင်းနဲ့ ရေတိမ်ဓာတ်ငွေ့ကွင်းမှာ တွင်းတစ်တွင်း ထပ်မံတူးဖော်တာ၊ ပင်လယ်အောက်ပိုက်လိုင်းနဲ့ စက်ပစ္စည်းတွေ တပ်ဆင်တာတို့ ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပြီး ၂၀၂၇ ခုနှစ် ဒုတိယသုံးလပတ်မှာ ပြီးစီးဖို့ သတ်မှတ်ထားပါတယ်။
ကုမ္ပဏီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ A-1 နဲ့ A-3 လုပ်ကွက်တွေက ဓာတ်ငွေ့ထုတ်လုပ်ရောင်းချမှုဟာ စီစဉ်ထားတဲ့အတိုင်း ဆက်လက်လည်ပတ်နေပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ လုပ်ငန်းအမြတ် ကိုရီးယားဝမ် ၂၉၄ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီတချို့ ထွက်ခွာခဲ့ကြပေမယ့် POSCO International ကတော့ စစ်အုပ်စုအတွက် အဓိကနိုင်ငံခြားငွေဝင်ပေါက်တစ်ခုဖြစ်တဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။


