၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ မုက်ဒာဟန်ခရိုင်မှာ ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး မောင်းလာတဲ့ ပစ်ကပ်ကားက ခြေလျင်ဘုရားဖူးနေတဲ့ ဘုန်းကြီးအဖွဲ့ကို ဝင်တိုက်ခဲ့တာကြောင့် ဘုန်းကြီး ၈ ပါး ပျံလွန်တော်မူပြီး ၁၄ ပါး ဒဏ်ရာရခဲ့ပါတယ်။
ယာဉ်တိုက်မှုဟာ ဒီနေ့ ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မုက်ဒာဟန်မြို့နယ်၊ ဘန်နာစီနွမ်ကျေးရွာအနီး လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
မုက်ဒာဟန်အုပ်ချုပ်ရေးမှူး ဝေါရာယန် ဘွန်နာရတ်ရဲ့ ပြောဆိုချက်အရ ဘုရားဖူးခရီးမှာ ဘုန်းကြီး ၃၅ ပါး ပါဝင်ခဲ့ပြီး ကားဝင်တိုက်မှုကြောင့် ၅ ပါးက အခင်းဖြစ်တဲ့နေရာမှာ ပျံလွန်တော်မူခဲ့ပါတယ်။
နောက်ထပ် ၃ ပါးက ဆေးရုံရောက်ပြီးနောက် ပျံလွန်တော်မူခဲ့တာကြောင့် စုစုပေါင်း ၈ ပါးအထိ ရှိလာတာ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ ဘုန်းကြီး ၁၄ ပါးကို ဆေးရုံတင်ထားပြီး တချို့မှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ကနဦးရဲတပ်ဖွဲ့စစ်ဆေးချက်အရ ပစ်ကပ်ကားကို ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက မိဘ ဒါမှမဟုတ် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မရှိဘဲ ယူဆောင်မောင်းနှင်လာတာလို့ ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ ဘုန်းကြီးတွေရဲ့ ပြောဆိုချက်အရ ပစ်ကပ်ကားဟာ လမ်းပေါ်မှာ ယိမ်းထိုးလာပြီး ထိန်းချုပ်မှုလွတ်သွားကာ ဘုန်းကြီးအဖွဲ့ရှိရာ လမ်းဘေးကို ချော်ထွက်ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်မောင်းကလေးကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်သေခံအထောက်အထားတွေ စုဆောင်းတာ၊ မျက်မြင်သက်သေတွေကို မေးမြန်းတာတွေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
ဒဏ်ရာရတဲ့ ဘုန်းကြီးတွေကို ကုသပေးနိုင်ဖို့ မုက်ဒာဟန်ဆေးရုံက သွေးအမျိုးအစားအားလုံး အရေးပေါ်လာရောက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


