Homeပြည်တွင်းသတင်းယင်းမာပင်ခရိုင်တပ်ရင်း (၂၀) မုဒိမ်းမှု ၆ လကျော်ကြာတဲ့အထိ တရားမျှတမှုမရသေးဟု အဖွဲ့ ၁၇၂ ဖွဲ့ ထုတ်ပြန်

ယင်းမာပင်ခရိုင်တပ်ရင်း (၂၀) မုဒိမ်းမှု ၆ လကျော်ကြာတဲ့အထိ တရားမျှတမှုမရသေးဟု အဖွဲ့ ၁၇၂ ဖွဲ့ ထုတ်ပြန်

၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့အမှုဟာ ခြောက်လကျော်ကြာတဲ့အထိ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားမျှတမှု မရရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၇၂ ဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူလို့ စွပ်စွဲခံထားရသူတွေ၊ ပါဝင်ပတ်သက်သူတွေအားလုံးကို လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ကာ အမြန်ဆုံးအရေးယူပေးဖို့ ဇူလိုင်လ ၂ ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးရဲဘော်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနောက် အဖွဲ့အစည်း ၁၅၈ ဖွဲ့က ထိရောက်စွာ စုံစမ်းအရေးယူပေးဖို့ ပူးတွဲတောင်းဆိုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းမှူးအပါအဝင် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၂၀ ရက်အထိ စုံစမ်းစစ်ဆေးရေးခုံရုံးက နစ်နာသူကို တိုက်ရိုက်ဆက်သွယ်တာ မရှိသေးသလို သံသယရှိသူတွေအပေါ် စစ်ဆေးအရေးယူထားတဲ့ နောက်ဆုံးအခြေအနေကိုလည်း ထပ်မံထုတ်ပြန်တာ မရှိသေးဘူးလို့ အဖွဲ့တွေက ဆိုပါတယ်။

နစ်နာသူကို မတ်လ ၁၃ ရက်မှာ စုံစမ်းစစ်ဆေးရေးခုံရုံးဆီ တစ်ပတ်အတွင်း လူကိုယ်တိုင် လာရောက်အစစ်ဆေးခံဖို့ ဆင့်ခေါ်ခဲ့ပေမယ့် စာကို ခုံရုံးက တိုက်ရိုက်ပေးပို့တာမဟုတ်ဘဲ နစ်နာသူရဲ့ဖခင်နဲ့ ရင်းနှီးသူတစ်ဦးကတဆင့် ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နစ်နာသူဟာ အရင်စုံစမ်းစစ်ဆေးမှုအတွင်း တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှု ခံခဲ့ရတဲ့အတွေ့အကြုံကြောင့် လုံခြုံရေးနဲ့ ကိုယ်စိတ်ကျန်းမာရေးအခြေအနေအရ လူကိုယ်တိုင် မလာနိုင်ဘဲ Zoom ကတဆင့် အစစ်ဆေးခံဖို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဆင့်ခေါ်စာပေးပို့သူက ခုံရုံးကို ပြန်လည်အကြောင်းကြားပေးဖို့ တာဝန်မရှိဘူးလို့ဆိုပြီး အကြောင်းပြန်စာကို လက်မခံခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

နစ်နာသူနဲ့ သူ့ရဲ့ခင်ပွန်း၊ သမီးငယ်တို့ကို တပ်ရင်းရဲ့ ဖိအားပေးမှုတွေကနေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုချက်ကိုတော့ အမျိုးသမီးအဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တစ်သီးပုဂ္ဂလကူညီသူတွေက ပူးပေါင်းဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

အဖွဲ့ ၁၇၂ ဖွဲ့က တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိမ်းမှုကျူးလွန်သူလို့ စွပ်စွဲခံထားရသူနဲ့ အခြားပါဝင်ပတ်သက်သူအားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံးစုံစမ်းအရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

လိုအပ်ရင် NUG နဲ့ PDF ကွပ်ကဲမှုစနစ်ကနေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒါမှမဟုတ် ကော်မရှင်တစ်ခု ဖွဲ့စည်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလ ငါးနှစ်အတွင်း အကြမ်းဖက်မှုကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု အမြန်ဆုံးဖော်ဆောင်ပေးဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်း လူမျိုး၊ ဘာသာအပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှု မရှိစေရေး မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ပြီး အခုအမှုမှာ ပါဝင်တယ်လို့ဆိုတဲ့ လူမျိုးရေးနဲ့ ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံမှုတွေကိုလည်း စုံစမ်းမှုအတွင်း ထည့်သွင်းဖော်ပြဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most Read