Homeပြည်တွင်းသတင်းအာရှ–ပစိဖိတ်ဆိုင်ရာ စားပွဲ၀ိုင်းမှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးမည်

အာရှ–ပစိဖိတ်ဆိုင်ရာ စားပွဲ၀ိုင်းမှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးမည်

၃၀ ဇွန် ၂၀၂၆ | New Day Myanmar

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီနေ့ စတင်ကျင်းပမယ့် ၃၉ ကြိမ်မြောက် အာရှ–ပစိဖိတ် Roundtable (APR) ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအခြေအနေကို အဖွဲ့ငယ်ဆွေးနွေးပွဲတစ်ခု သီးသန့်ပြုလုပ်ပြီး အသေးစိတ်ဆွေးနွေးသွားမယ်လို့ ISIS Malaysia က ပြောပါတယ်။

မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမှုတွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားဝင်ရပ်တည်ချက်တွေကိုသာ အဓိကထားခဲ့တာကြောင့် ထိထိရောက်ရောက် ဆွေးနွေးနိုင်တာနည်းပါးခဲ့တယ်လို့ ISIS Malaysia အမှုဆောင်ဥက္ကဋ္ဌ Datuk Prof Dr Mohd Faiz Abdullah က ပြောပါတယ်။

ဒါကြောင့် အခု APR ဆွေးနွေးပွဲရဲ့ အဓိကအစီအစဉ်နဲ့ အဖွဲ့ငယ်ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကို ပိုမိုနက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားမယ်လို့ သူက ဆိုပါတယ်။

“APR မှာ ပါဝင်တဲ့ လက်တွေ့လုပ်ကိုင်သူတွေ၊ မူဝါဒလေ့လာရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဒီကိစ္စကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်” လို့ Mohd Faiz က Bernama TV ကို ပြောပါတယ်။

မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အရေး၊ အနောက်အာရှပဋိပက္ခ၊ အကောက်ခွန်မူဝါဒ၊ စွမ်းအင်ပြတ်လပ်မှုနဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အပြောင်းအလဲတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ် APR ဆွေးနွေးပွဲကို “လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုနဲ့ လက်တွေ့လုပ်ဆောင်မှုကို အရှိန်မြှင့်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေကြား ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ သုံးရက်ကြာကျင်းပမယ့် ဆွေးနွေးပွဲကို နိုင်ငံပေါင်း ၃၀ က ပညာရှင်၊ မူဝါဒရေးဆွဲသူ၊ သုတေသနအဖွဲ့နဲ့ လက်တွေ့လုပ်ကိုင်သူ ၄၀၀ ခန့် တက်ရောက်မယ်လို့ သိရပါတယ်။

APR ဟာ အစိုးရအချင်းချင်း တရားဝင်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲမဟုတ်ဘဲ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေအပေါ် ပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေ လွတ်လပ်စွာအမြင်ဖလှယ်တဲ့ Track 2 ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို အရှေ့တောင်အာရှက မူဝါဒလေ့လာရေးအဖွဲ့တွေ စုဖွဲ့ထားတဲ့ ASEAN-ISIS ကိုယ်စား မလေးရှား မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအင်စတီကျုက စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

ပုံစာ – ISIS Malaysia အမှုဆောင်ဥက္ကဋ္ဌ Datuk Prof Dr Mohd Faiz Abdullah ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

Most Read