ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းက ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက် ၈ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးကာ ကလေးရဲ့ အဘွားဖြစ်သူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအသင်းထံက သိရပါတယ်။
ဖြစ်စဉ်မှာ ကလေးငယ်က ကျောင်းသွားဖို့ ပြင်ဆင်နေပြီး စာအုပ်တွေထည့်နေချိန် ဓားနဲ့ ထိုးခံခဲ့ရတာဖြစ်တယ်လို့ ပရဟိတအသင်းက အသိပေးထားပါတယ်။
ကလေးကို ဓားနဲ့ ထိုးနေချိန် အဘွားဖြစ်သူက ဝင်ရောက်တားဆီးခဲ့ရာမှာလည်း ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပရဟိတအသင်းရဲ့ ကနဦးသတင်းအရ ဓားနဲ့တိုက်ခိုက်ခဲ့သူဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိတယ်လို့ ဆိုထားသူတစ်ဦးဖြစ်ပြီး သေဆုံးသူကလေးနဲ့ တိုက်တစ်တိုက်တည်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဓားထိုးမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာဘက်က တရားဝင်အတည်ပြုထားတာ မတွေ့ရသေးပါဘူး။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအသင်းက လူနာတင်ယာဉ်နဲ့ သွားရောက်ကူညီခဲ့ပြီး သေဆုံးသူကလေးရဲ့ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အဘွားဖြစ်သူရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ ဓားထိုးသူကို ဖမ်းဆီးထားခြင်း ရှိ၊ မရှိနဲ့ အမှုအခြေအနေအသေးစိတ်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။

