၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါတံတားကို တည်ဆောက်ပြီးသားဖြစ်ပေမယ့် ဒေသခံပြည်သူတွေ အခုချိန်အထိ အသုံးမပြုနိုင်သေးတဲ့ အခြေအနေကို ဒီထက်ဆက်ပြီး လက်မခံနိုင်တော့ဘူးလို့ သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။
စိုင်းကောင်းသက်စံက လွှတ်တော်အစည်းအဝေးမှာ သီပေါတံတားနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု တင်သွင်းထားပေမယ့် မေးခွန်းနဲ့ ဖြေဆိုရမယ့် ဝန်ကြီးဌာန မကိုက်ညီတာကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်ရိုက်ဖြေဆိုနိုင်ဖို့ တရားဝင် ပြန်လည်တင်ပြထားတယ်လို့ ဆိုပါတယ်။
သီပေါတံတားကိစ္စဟာ ဒေသခံတွေရဲ့ နေ့စဉ်သွားလာရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးအထိ သက်ရောက်နေတဲ့ အရေးကြီးပြဿနာဖြစ်တာကြောင့် အချိန်တစ်ခုအထိ စောင့်ကြည့်ပြီး အခွင့်အရေးပေးခဲ့ပေမယ့် အခုလို တံတားရှိလျက်နဲ့ မသုံးနိုင်တဲ့ အခြေအနေကိုတော့ ဆက်မဖြစ်သင့်တော့ဘူးလို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းပြချက်တွေကိုပဲ ထပ်တလဲလဲ ပေးနေမယ်ဆိုရင် ဖြစ်စဉ်ကြီးသုံးခုကို အထောက်အထား၊ အချက်အလက်အပြည့်အစုံနဲ့ လွှတ်တော်မှာ ပြည်သူရှေ့မှောက် ချပြသွားမယ်လို့ စိုင်းကောင်းသက်စံက သတိပေးထားပါတယ်။
အဲဒီဖြစ်စဉ်တွေမှာ လူတချို့ အကျိုးအမြတ်ရခဲ့တာ၊ အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုတွေ၊ ငွေကြေးအကျိုးအမြတ် အများအပြား ဖြစ်ပေါ်ခဲ့တာတွေ ရှိခဲ့ပြီး တစ်ဖက်မှာတော့ ဒေသခံပြည်သူတွေက နှစ်ရှည်လများ အခက်အခဲနဲ့ ဒုက္ခတွေကိုသာ ခံစားခဲ့ရတာတွေကို အချက်အလက်တွေနဲ့အတူ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
စိုင်းကောင်းသက်စံက သူ့အနေနဲ့ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး အမှန်တရားကို ပြည်သူတွေ သိရှိနိုင်ဖို့နဲ့ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။
သီပေါတံတားဟာ ၁၀၂၇ ခုနှစ်က စတင်ပိတ်ဆို့ထားတာဖြစ်ပြီး လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့် မပြုသေးတာကြောင့် ဒေသတွင်းခရီးသွားတွေဟာ ချောင်းကို ဖောင်နဲ့ဖြတ်ပြီး ကူးသန်းသွားလာနေကြရဆဲ ဖြစ်ပါတယ်။
မိုးရာသီမှာ ချောင်းရေမြင့်တက်ပြီး ရေစီးသန်တာကြောင့် ဖောင်နဲ့ စက်လှေတွေ မျောပါသွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး၊ ခရီးသွားအချို့ အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သီပေါတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အရေးပါတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။


