၇ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံရဲ့ အသစ်ရွေးကောက်ခံ သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးစုအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတွေက အင်ဒိုနီးရှားနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ဧပြီလ ၆ ရက်က တရားစွဲတိုင်ကြားလိုက်ပါတယ်။
အဆိုပါ တိုင်ကြားမှုကို မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်ဦးဖြစ်သူ ယာစမင် အူလာနဲ့အတူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦး၊ နိုင်ငံရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Muhammadiyah ရဲ့ ဥက္ကဋ္ဌတို့အပါအဝင် နာမည်ကြီးပုဂ္ဂိုလ်တွေက ပူးပေါင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
တိုင်ကြားသူတွေက ရိုဟင်ဂျာတွေကို အဓမ္မ နေရပ်စွန့်ခွာစေမှု၊ သတ်ဖြတ်မှုနဲ့ အခြား အပြင်းထန်ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေအထောက်အထားနဲ့ တင်ပြသွားမယ်လို့ ဆိုပါတယ်။
“ဒါဟာ အင်ဒိုနီးရှားရဲ့ ရာဇဝတ်မှုဥပဒေအသစ်အရ အမှုတစ်ခုကို ပထမဆုံး လက်ခံရရှိတာဖြစ်ပြီး ရိုဟင်ဂျာပြည်သူတွေအတွက် သမိုင်းဝင် တိုးတက်မှုတစ်ခုပါ” လို့ ယာစမင် အူလာက ပြောပါတယ်။
အင်ဒိုနီးရှားဥပဒေအရ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတွေဆိုရင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အောက်မှာ ကျူးလွန်သူရဲ့ နိုင်ငံသားဖြစ်မှု သို့မဟုတ် အမှုဖြစ်ပွားရာနေရာကို မတွက်ဘဲ အရေးယူနိုင်တယ်လို့ တိုင်ကြားသူတွေက ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်တပ်က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး သတ်ဖြတ်မှု၊ အစုလိုက် မုဒိမ်းကျင့်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒုက္ခသည်တွေက ပြန်လည်ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းဆိုထားပြီး လက်ရှိတိုင်ကြားမှုအပေါ်လည်း တုံ့ပြန်ချက် မထုတ်ပြန်သေးပါဘူး။


