Homeပြည်တွင်းသတင်းရွှေမျောလုပ်ကွက်တွေကြောင့် ချင်းတွင်းမြစ်ကြောင်း ပျက်စီးလာကာ ရေလမ်းသွားလာရေး အခက်အခဲဖြစ်နေ

ရွှေမျောလုပ်ကွက်တွေကြောင့် ချင်းတွင်းမြစ်ကြောင်း ပျက်စီးလာကာ ရေလမ်းသွားလာရေး အခက်အခဲဖြစ်နေ

၉ ဇွန် ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ ရွှေမျောတူးဖော်ရေးလုပ်ငန်းတွေ အထိန်းအကွပ်မရှိ တိုးပွားလာတာကြောင့် မြစ်ကြောင်းပျက်စီးလာပြီး သောင်ထွန်းမှုများပြားကာ ရေလမ်းသွားလာရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ခန္တီးဒေသတဝိုက်မှာ ရွှေမျောလုပ်ကွက်တွေ စည်းကမ်းမဲ့ တိုးချဲ့လုပ်ကိုင်လာတာကြောင့် မြစ်ရေစီးဆင်းမှု ပြောင်းလဲလာပြီး မြစ်ကြောင်းတချို့မှာ ရေတိမ်လာကာ သောင်တွေ ပိုမိုဖြစ်ပေါ်လာနေတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ရွှေမျောလုပ်ငန်းတွေ အတော်များလာတော့ မြစ်က မြစ်နဲ့တောင် မတူတော့ဘူး။ ချောင်းလို ဖြစ်လာတယ်။ မိုးတွင်းလောက်ကလွဲရင် ကျန်တဲ့အချိန်တွေ သွားလာဖို့ ခက်ခဲလာတယ်။ အခုဆို သင်္ဘောတွေ ခဏခဏ သောင်တင်နေပြီး ခရီးစဉ်တွေ ကြန့်ကြာနေရတယ်” လို့ New Day Myanmar ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း နယ်မြေလုံခြုံရေးနဲ့ အုပ်ချုပ်ရေးအခြေအနေ မတည်ငြိမ်လာချိန်ကစပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ ရွှေမျောလုပ်ကွက်တွေ သိသိသာသာ တိုးပွားလာခဲ့တာဖြစ်ပါတယ်။

“ဘယ်သူက ကြီးကြပ်နေတယ်ဆိုတာလည်း မသိရဘူး။ ရွှေလုပ်ကွက်သမားတွေက သူတို့သဘောနဲ့သူတို့ တူးနေကြတာ။ မြစ်ရေကြောင်းက တဖြည်းဖြည်း ပျက်စီးလာနေတယ်” လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ဟာ ဟုမ္မလင်း၊ ဖောင်းပြင်၊ ထမံသီ၊ မော်လိုက်နဲ့ ခန္တီးဒေသတွေက ပြည်သူတွေအတွက် အဓိက ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိမြစ်ကြောင်းပြောင်းလဲမှုတွေကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး