Homeပြည်တွင်းသတင်းမြန်မာရေတပ်က မြောက်ကိုရီးယားဒီဇိုင်းနဲ့ ရေငုပ်သင်္ဘောတည်ဆောက်နေမှုအပေါ် အိန္ဒိယ စိုးရိမ်

မြန်မာရေတပ်က မြောက်ကိုရီးယားဒီဇိုင်းနဲ့ ရေငုပ်သင်္ဘောတည်ဆောက်နေမှုအပေါ် အိန္ဒိယ စိုးရိမ်

၂၁ ဇွန် ၂၀၂၆ | New Day Myanmar

အိန္ဒိယ–မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေ မြင့်တက်နေချိန်မှာ မြန်မာစစ်အုပ်စုက မြောက်ကိုရီးယားဒီဇိုင်းနဲ့ ဆင်တူတဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ပြည်တွင်းမှာ တည်ဆောက်နေဖွယ်ရှိတာကြောင့် အိန္ဒိယဘက်က စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။

အိန္ဒိယအခြေစိုက် Times of India သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံတွေအပေါ် အခြေခံပြီး မြန်မာရေတပ်ဟာ ရန်ကုန်အနီး သန်လျင်ရေတပ်သင်္ဘောကျင်းနဲ့ သီလဝါဆိပ်ကမ်းဝင်းတစ်ဝိုက်မှာ ပြည်တွင်းတည်ဆောက် ရေငုပ်သင်္ဘောတစ်စင်းကို တည်ဆောက်နေဖွယ်ရှိတယ်လို့ ဇွန်လ ၂၁ ရက်မှာ ဖော်ပြပါတယ်။

တည်ဆောက်နေတယ်လို့ ယူဆရတဲ့ ရေငုပ်သင်္ဘောဟာ အလျား မီတာ ၄၀ ဝန်းကျင်ရှိပြီး မြောက်ကိုရီးယားရေတပ်အသုံးပြုတဲ့ Sang-O အမျိုးအစား ကမ်းရိုးတန်းတိုက်ခိုက်ရေးရေငုပ်သင်္ဘောနဲ့ ပုံသဏ္ဌာန်ဆင်တူတယ်လို့ ကာကွယ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

Sang-O အမျိုးအစားဟာ ဒီဇယ်–လျှပ်စစ်စနစ်သုံး အသေးစားရေငုပ်သင်္ဘောဖြစ်ပြီး ရေတိမ်ပိုင်းနဲ့ ကမ်းရိုးတန်းအနီး စစ်ဆင်ရေးတွေအတွက် အဓိကဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီရေငုပ်သင်္ဘောတွေကို တော်ပီဒိုတိုက်ခိုက်မှု၊ ရေမြှုပ်မိုင်းချမှု၊ ထောက်လှမ်းရေးလုပ်ငန်းနဲ့ အထူးတပ်ဖွဲ့ဝင်တွေကို ကမ်းခြေအနီး လျှို့ဝှက်ပို့ဆောင်ရာမှာ အသုံးပြုနိုင်ပါတယ်။

အခုတွေ့ရှိရတဲ့ ရေငုပ်သင်္ဘောဟာ မြန်မာရေတပ်ရဲ့ ပထမဆုံးရေငုပ်သင်္ဘောတော့ မဟုတ်ပါဘူး။ မြန်မာရေတပ်ဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က လွှဲပြောင်းပေးခဲ့တဲ့ ရေငုပ်သင်္ဘောတွေကို အသုံးပြုနေပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ အခုရေငုပ်သင်္ဘောကို အပြီးသတ်တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ပထမဆုံးတည်ဆောက်တဲ့ ရေငုပ်သင်္ဘောဖြစ်လာနိုင်ပါတယ်။

Times of India ကတော့ အခုရေငုပ်သင်္ဘောတစ်စင်းတည်းဟာ အိန္ဒိယအတွက် ချက်ချင်းစစ်ရေးခြိမ်းခြောက်မှု ဖြစ်လာနိုင်တာထက် ဒေသတွင်းဖြစ်ပေါ်နေတဲ့ မဟာဗျူဟာအပြောင်းအလဲတွေကို ပိုမိုစိုးရိမ်စရာအဖြစ် သုံးသပ်ထားပါတယ်။

တရုတ်ရေတပ်ရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ရှားမှုတွေ၊ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောနည်းပညာ၊ မြန်မာစစ်အုပ်စုရဲ့ ရေတပ်အင်အားတိုးချဲ့မှုနဲ့ အိန္ဒိယ–မြန်မာနယ်စပ်မတည်ငြိမ်မှုတွေ တစ်ချိန်တည်းဖြစ်ပေါ်လာနေတာဟာ အိန္ဒိယရဲ့ အရှေ့ဘက်လုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ယခင်က ပါကစ္စတန်နဲ့ တရုတ်ဘက်က လုံခြုံရေးခြိမ်းခြောက်မှုတွေကို အဓိကအာရုံစိုက်ခဲ့ပေမယ့် အခုအခါ မြန်မာနိုင်ငံဘက်က ကုန်းတွင်းနယ်စပ်နဲ့ ရေကြောင်းလုံခြုံရေးအခြေအနေတွေကိုပါ ပိုမိုအလေးထားစောင့်ကြည့်လာရနိုင်ပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အိန္ဒိယနယ်စပ်အနီးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေသလို အိန္ဒိယနိုင်ငံ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တွေကို မြန်မာစစ်ဘေးရှောင်တွေ ဝင်ရောက်ခိုလှုံနေရတာလည်း ရှိပါတယ်။

ဒါ့အပြင် လက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် အိန္ဒိယအတွက် ကုန်းတွင်းနယ်စပ်လုံခြုံရေး စိန်ခေါ်မှုတွေ မြင့်တက်နေပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာရေတပ်က ရေငုပ်သင်္ဘောနဲ့ ရေတပ်အခြေခံအဆောက်အအုံတွေ တိုးချဲ့လာတာဟာ အိန္ဒိယရဲ့ အရှေ့ဘက်ရေကြောင်းလုံခြုံရေးအတွက်ပါ ထပ်မံစောင့်ကြည့်ရမယ့် အခြေအနေဖြစ်လာပါတယ်။

ရေငုပ်သင်္ဘောတည်ဆောက်နေတယ်လို့ ယူဆရတဲ့ သန်လျင်ရေတပ်သင်္ဘောကျင်းဟာ တရုတ်ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ တိုးချဲ့ထားတဲ့ ရေတပ်အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး တန်ချိန် ၄၀,၀၀၀ ဆံ့ ရေပေါ်သင်္ဘောပြင်ကျင်းတစ်ခုကိုလည်း မတ်လအတွင်း ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားတို့ဟာ ယခင်ကတည်းက စစ်လက်နက်နဲ့ ကာကွယ်ရေးနည်းပညာဆိုင်ရာ ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အခုရေငုပ်သင်္ဘောတည်ဆောက်ရေးမှာ မြောက်ကိုရီးယားက တိုက်ရိုက်နည်းပညာအကူအညီ ပေးနေတယ်ဆိုတာကိုတော့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဂြိုဟ်တုဓာတ်ပုံထဲက အရာဟာ ရေငုပ်သင်္ဘောအဖြစ် အပြီးသတ်တည်ဆောက်နေခြင်း ဟုတ်၊ မဟုတ်နဲ့ စီမံကိန်းဘယ်အဆင့် ရောက်နေပြီဆိုတာကိုလည်း စစ်အုပ်စုဘက်က တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ပုံစာ – တရုတ်ထံမှ အဟောင်းပြန်လည်ဝယ်ယူထားတဲ့ မြန်မာရေငုပ်သင်္ဘော UMS မင်းရဲကျော်ထင် ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

Most Read