၁၀ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်ဝမ်အတိုက်အခံ ကွန်မင်တန် (KMT) ပါတီ ခေါင်းဆောင် ချန်လီဝမ် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ သောကြာနေ့မှာ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်အရေးအပေါ် တင်းမာမှုတွေ ထပ်မံ မြင့်တက်လာနိုင်တဲ့ အခြေအနေကို ဖော်ပြနေပါတယ်။
ချန်လီဝမ်ဟာ ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် တရုတ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ယခုတွေ့ဆုံမှုဟာ သူ့ရဲ့ ခရီးစဉ်အထွတ်အထိပ်ဖြစ်ပါတယ်။
တွေ့ဆုံပွဲအတွင်း ရှီကျင့်ဖျင်က ပြန်လည်ပေါင်းစည်းရေးကို တိုက်တွန်းခဲ့သလို ထိုင်ဝမ်လွတ်လပ်ရေးကိစ္စကိုသည်းခံမည်မဟုတ်ဘူးလို့ပြောပါတယ်။
နှစ်ဖက် ပေါင်းစည်းမယ့် လမ်းကြောင်းဟာ သမိုင်းအရ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ လို့ ရှိပြောကြားခဲ့ပါတယ်။
ချန်လီဝမ်က ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ရင် စစ်ပွဲကို ရှောင်လွှဲနိုင်မယ်လို့ ပြောကြားပြီး တရုတ်ဘက်ရဲ့ ရပ်တည်ချက်ကို အတည်ပြုသလို ဖြစ်နေပါတယ်။
တရုတ်ဘက်ကတော့ ၂၀၁၆ ခုနှစ်ကစပြီး အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အစိုးရနဲ့ ဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားပြီး လက်ရှိ သမ္မတ လိုင်ချင်းတယ်ကို ခွဲထွက်ရေးသမား လို့ သတ်မှတ်ထားပါတယ်။
၂၀၂၄ ရွေးကောက်ပွဲပြီးနောက် KMT နဲ့ ထိုင်ဝမ်ပြည်သူ့ပါတီတို့ ပူးပေါင်းပြီး လွှတ်တော်မှာ အများစုအင်အား ရရှိထားတာကြောင့် အစိုးရတင်သွင်းထားတဲ့ ဒေါ်လာ ၄၀ ဘီလီယံတန် ကာကွယ်ရေးဘတ်ဂျက်ကို ပိတ်ဆို့ထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ ရှီကျင့်ဖျင်တို့ မေလအတွင်း တွေ့ဆုံမယ့် အစီအစဉ်မတိုင်မီ ချန်လီဝမ်ရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပြီး ဒေသတွင်း နိုင်ငံရေးအခြေအနေတွေကို ပိုမို အာရုံစိုက်လာစေပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အဓိက လက်နက်ပံ့ပိုးသူဖြစ်နေဆဲဖြစ်ပေမယ့် တရုတ်နဲ့ ဆက်ဆံရေး မထိခိုက်စေဖို့ ထိုင်ဝမ်ကို ပေးမယ့် လက်နက်အချို့ကို ယာယီရပ်ဆိုင်းထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။


