Homeပြည်တွင်းသတင်းမိုးသည်းချိန် အမြင်ကွယ်ပြီး လမ်းဘေးရပ်ထားတဲ့ တွဲကားကို သုံးဘီးဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

မိုးသည်းချိန် အမြင်ကွယ်ပြီး လမ်းဘေးရပ်ထားတဲ့ တွဲကားကို သုံးဘီးဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

မွန်ပြည်နယ်၊ သထုံမြို့မှာ ဒီနေ့ ဇူလိုင် ၂၇ ရက် မနက် ၆ နာရီကျော်က သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ ဘင်လှိုင်အရှေ့ပိုင်း ဟိန္ဒူဘုရားကျောင်းရှေ့မှာ လမ်းဘေးရပ်ထားတဲ့ တွဲကားတစီးကို သုံးဘီးယာဉ်တစီးက ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်မောင်းဟာ အတွင်းဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (သထုံခရိုင်) နဲ့ အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းတို့က သထုံပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံကြီးရဲ့ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး သထုံမြို့၊ မြို့သစ် ၇ လမ်းမှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

“အခုတော့ ဆေးရုံကနေ သူ့ရဲ့နေအိမ်ကို ပို့ဆောင်ထားပါတယ်။ သုံးဘီးရှေ့မှာ မိုးမပက်အောင် တာလပတ်ကာထားတာရယ်၊ မိုးသည်းနေတာရယ်ကြောင့် အရှေ့ကမြင်ကွင်းကွယ်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်မိတာပါ” လို့ မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတဦးက New Day Myanmar ကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဆရာစံလမ်းပေါ်မှာ မောင်းနှင်လာတဲ့ လိုက်ထရပ်ကားတစီးအပေါ် ကုက္ကိုပင်ကြီးတပင် လဲကျခဲ့တာကြောင့် ယာဉ်မောင်းအမျိုးသားတဦး သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တဦး ဒဏ်ရာရခဲ့ပါတယ်။

Related News

Most Read