၁၉ ဧပြီ ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်–မော်လမြိုင် ကားလမ်းမှာ ဧပြီ ၁၈ ရက် မနေ့ညနေပိုင်းက ယာဉ် ၄ စီး ဆက်တိုက်တိုက်မှု ဖြစ်ပွားပြီး သံဃာတွေအပါအဝင် စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
ယာဉ်တိုက်မှုဟာ သထုံ–ရန်ကုန် အဝေးပြေးလမ်း နောင်ဘိုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်လမြိုင်ဘက်ကလာတဲ့ Express ကားနဲ့ အခြားယာဉ်တွေ မျက်နှာချင်းဆိုင်အပါအဝင် ဆက်တိုက်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် လိုက်ထရပ်ကားပေါ်ပါလာတဲ့ သံဃာ ၇ ပါး၊ ကိုရင် ၁ ပါး၊ ကလေး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် သထုံမြို့နယ်မီးသတ်စခန်း၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့နဲ့အတူ အကြင်နာတွဲလက်၊ ပီတိနှလုံးသား၊ နှလုံးသားလှ၊ မေတ္တာရှင်၊ သင်္ခါရ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သထုံပြည်သူ့ဆေးရုံ၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ထားပြီး ဆက်လက်ကုသပေးနေတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာက ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – CJ


