၁၁ မေ ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ မွေးနေ့ကိတ်သွားယူပြီးအပြန် ဆိုင်ကယ်စီးလာတဲ့ တက္ကသိုလ်ကျောင်းသူ ၃ ဦး ယာဉ်တိုက်မှုဖြစ်ပွားကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဆီကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ မေ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်က သထုံ-ဘားအံ ကားလမ်းမကြီးပေါ်ရှိ မြို့သစ်ကျေးရွာနဲ့ ရဲဘော်ကျေးရွာအကြားမှာ ဆိုင်ကယ်နဲ့ ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကားရော ဆိုင်ကယ်ရော သူတို့ယာဉ်ကြောအတိုင်း မောင်းနေတာကနေ ရှေ့ကယာဉ်တွေကို နှစ်ဘက်လုံး ကျော်တက်လာကြတယ်ထင်ပါတယ်။ လမ်းကလည်း ကျဉ်းတော့ အရှိန်ပါလာတဲ့အချိန် မျက်နှာချင်းဆိုင် တိုက်ကုန်တာ။ ကောင်မလေးတွေရော ဆိုင်ကယ်ရော လူတွေပါ တော်တော်လှမ်းလှမ်းကို လွင့်သွားကြတယ်” လို့ အဲဒီဖြစ်စဉ်ကို ကြုံတွေ့ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသူ ၃ ဦးဟာ မော်လမြိုင်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် မအေးအေးအောင် (Civil Engineering)၊ အသက် ၁၉ နှစ်အရွယ် မနေခြည်ကျော် (Biochemistry) နဲ့ အသက် ၂၀ အရွယ် မဂျူလိုင်မိုး (Biochemistry) တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ သထုံမြို့နယ် ကြာပန်းကျေးရွာရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု စက်ရုံ (ကစစ-၂၁) တာယာစက်ရုံဝင်းအတွင်း နေထိုင်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မေ ၁၂ ရက် နံနက် ၁၁ နာရီအချိန်မှာ ညောင်ဝိုင်းသုံးအိမ်စုသုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မင်းသားကြီး အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (သထုံ)


