၁၁ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့လယ်ခေါင်မှာ ဇနီးဖြစ်သူ လည်လှီးသတ်ဖြတ်ခံရတဲ့ အမှုအတွက် တရားခံဖမ်းဆီးပေးရန် လူမှုကွန်ရက်ကနေ ဝေဖန်တောင်းဆိုခဲ့တဲ့ စစ်ဆရာဝန်ဟောင်း ဒေါက်တာကောင်းစံကို စစ်ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့ ဒလမြို့နယ်အတွင်း သူနဲ့နီးစပ်သူ အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က ဒေါက်တာကောင်းစံရဲ့ ဇနီးဟာ ရန်ကုန်မြို့လယ်မှာ လည်လှီးသတ်ဖြတ်ခံခဲ့ရပြီး အဆိုပါအမှုကို ကျူးလွန်သူတွေဟာ စစ်တပ်အရာရှိကြီးတွေရဲ့ သားသမီးတွေဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တရားခံကို သိရှိထားသော်လည်း ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးအရေးယူတာ မရှိတဲ့အပေါ် ဒေါက်တာကောင်းစံက လူမှုကွန်ရက်မှတစ်ဆင့် ပြင်းထန်စွာ ဝေဖန်ထားခဲ့ပါတယ်။
တရားမျှတမှုအတွက် အသံထွက်ခဲ့ပြီး ၅ ရက်အကြာ မေ ၇ ရက် ညပိုင်းမှာတော့ ဒလမြို့နယ်ရှိ ဒေါက်တာကောင်းစံရဲ့ နေအိမ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံး ရောက်ရှိလာပြီး ဒေါက်တာကောင်းစံကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေါက်တာကောင်းစံဟာ ၂၀၁၅ ခုနှစ်မှာ စစ်တပ်ကနေ ထွက်ခွာခဲ့တဲ့ စစ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဒလမြို့နယ်အတွင်း “ထူး” ဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူတွေကို ဆေးကုသပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
လူသတ်တရားခံကို ရှာဖွေဖမ်းဆီးတာ မရှိဘဲ နစ်နာသူဘက်က တရားမျှတမှု တောင်းဆိုသူကိုသာ ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။


