Homeပြည်တွင်းသတင်းဘန်ကောက်မြန်မာသံရုံးမှာ PV နိုင်ငံကူးလက်မှတ် နေ့ချင်းပြီး လဲလို့မရတော့၊ ဖောင်တင်ပြီး ခွင့်ပြုချက်စောင့်ရမည်

ဘန်ကောက်မြန်မာသံရုံးမှာ PV နိုင်ငံကူးလက်မှတ် နေ့ချင်းပြီး လဲလို့မရတော့၊ ဖောင်တင်ပြီး ခွင့်ပြုချက်စောင့်ရမည်

ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ အလည်အပတ်နိုင်ငံကူးလက်မှတ် (PV – Passport for Visit) ကိုင်ဆောင်ထားသူတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ စာအုပ်အသစ်လဲတာကို အရင်လို နေ့ချင်းပြီး ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘဲ လျှောက်လွှာဖောင် အရင်တင်ထားရမယ်လို့ သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက New Day Myanmar က သိရပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေဟာ လိုအပ်တဲ့ ဖောင်နဲ့ အချက်အလက်တွေကို သံရုံးမှာ အရင်တင်ပြရမှာဖြစ်ပြီး လဲလှယ်ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူးလက်မှတ်အသစ် ဆက်လက်ပြုလုပ်ခွင့် ရရှိတော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် PV နိုင်ငံကူးလက်မှတ် လဲလှယ်ခွင့်အတွက် ဘန်ကောက်မြန်မာသံရုံးကနေ နေပြည်တော်ရှိ သက်ဆိုင်ရာဌာနကို အချက်အလက်ပေးပို့ပြီး နေပြည်တော်ဘက်က ခွင့်ပြုချက်ပြန်ရမှသာ စာအုပ်အသစ် လဲလှယ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

“ခုက အရင်ကလို နေ့ချင်းပြီးလဲတဲ့ကိစ္စမရတော့ဘူး။ လဲမယ်ဆိုရင် ဖောင်တင်ထား ခွင့်ပြုချက်ကျမှပဲ လဲလို့ရတော့မယ်ဆိုပြီး သံရုံးက ပြောလာပါတယ်။”လို့ မြန်မာသံရုံးနဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ဒါပေမယ့် နေပြည်တော်က ခွင့်ပြုချက်ရမှသာ PV နိုင်ငံကူးလက်မှတ် လဲလှယ်နိုင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ဘန်ကောက်မြန်မာသံရုံးဘက်က တရားဝင်အသေးစိတ် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အဲဒီအချက်ကို လောလောဆယ် သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကရရှိတဲ့ ကနဦးသတင်းအဖြစ်သာ ယူဆထားရပါတယ်။

အခုအပြောင်းအလဲဟာ PV နိုင်ငံကူးလက်မှတ်ကို လုံးဝမလဲပေးတော့တာ မဟုတ်ဘဲ အရင်လို နေ့ချင်းပြီး လဲလှယ်ပေးတဲ့စနစ်ကနေ ကြိုတင်စိစစ်ခွင့်ပြုချက်ယူရတဲ့ စနစ်ကို ပြောင်းလိုက်တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ PJ – Passport for Job ကိုင်ဆောင်ထားသူတွေကိုတော့ အရင်လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

PV ကိုင်ဆောင်ထားသူတွေထဲမှာ ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်ပြီးနောက် အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ ဒါမှမဟုတ် တခြားနေထိုင်ခွင့်ဗီဇာအမျိုးအစား ပြောင်းထားသူတွေ အများအပြားရှိတာကြောင့် အခုစည်းကမ်းပြောင်းလဲမှုက ထိုင်းရောက်မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာသက်တမ်းဆက်တိုးရေးအပေါ် အခက်အခဲ ပိုဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

Related News

Most Read