Homeပြည်တွင်းသတင်းမြန်မာ့မြေကို အိန္ဒိယအကျိုးစီးပွားဆန့်ကျင်တဲ့ လုပ်ရပ်တွေအတွက်အသုံးမပြုခွင့်ပေးဘူးလို့ စစ်အုပ်စုက အိန္ဒိယကို အာမခံ

မြန်မာ့မြေကို အိန္ဒိယအကျိုးစီးပွားဆန့်ကျင်တဲ့ လုပ်ရပ်တွေအတွက်အသုံးမပြုခွင့်ပေးဘူးလို့ စစ်အုပ်စုက အိန္ဒိယကို အာမခံ

၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ–အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဆွေးနွေးပွဲအတွင်း မြန်မာနယ်မြေကို အိန္ဒိယရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမယ့် လှုပ်ရှားမှုတွေအတွက် အသုံးပြုခွင့်မပေးဘူးလို့ စစ်အုပ်စုဘက်က အာမခံခဲ့တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ အိန္ဒိယအကြား ၂၃ ကြိမ်မြောက် National Level Meeting ကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တွေမှာ နယူးဒေလီမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အိန္ဒိယဘက်က ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Govind Mohan ဦးဆောင်ခဲ့သလို မြန်မာဘက်က စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံနယ်စပ်တလျှောက် လုံခြုံရေးအခြေအနေ၊ အကြမ်းဖက်မှု၊ လက်နက်ကိုင်လှုပ်ရှားမှု၊ မူးယစ်ဆေးဝါးကူးသန်းမှု၊ လက်နက်မှောင်ခို၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခို၊ ဆိုင်ဘာရာဇဝတ်မှုနဲ့ စနစ်တကျရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယဘက်ကတော့ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ “Neighbourhood First”၊ “Act East” နဲ့ MAHASAGAR မူဝါဒတွေမှာ အရေးကြီးတဲ့နေရာက ပါဝင်နေတယ်လို့ ထောက်ပြခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုအတွင်း နှစ်ဘက်စလုံးက ကိုယ့်နယ်မြေကို တဖက်နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေအတွက် အသုံးမပြုစေရေး အရေးကြီးတယ်လို့ သဘောတူခဲ့ပြီး မြန်မာဘက်ကလည်း မြန်မာနယ်မြေကို အိန္ဒိယလုံခြုံရေးအကျိုးစီးပွား ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအတွက် အသုံးမပြုခွင့်ပေးဘူးလို့ အာမခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီအာမခံချက်ဟာ အိန္ဒိယအရှေ့မြောက်ပိုင်းနယ်စပ်လုံခြုံရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေ၊ နယ်စပ်ဖြတ်ကျော် လက်နက်ကိုင်အဖွဲ့လှုပ်ရှားမှုတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကွန်ရက်တွေကြောင့် အိန္ဒိယဘက် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှုနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကြား လုပ်ငန်းညှိနှိုင်းမှုတွေကို ပိုမိုမြှင့်တင်ဖို့လည်း သဘောတူခဲ့ပြီး ပေါ်ပေါက်လာနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ သင်တန်းပေးမှုနဲ့ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်တွေ ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အိန္ဒိယနဲ့ အရှေ့တောင်အာရှကို ချိတ်ဆက်မယ့် Kaladan Multi-Modal Transit Transport Project နဲ့ India-Myanmar-Thailand Trilateral Highway စီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီစီမံကိန်းတွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသကို မြန်မာနိုင်ငံကတဆင့် အရှေ့တောင်အာရှနဲ့ ချိတ်ဆက်ပေးမယ့် အရေးကြီးတဲ့ လမ်းကြောင်းတွေအဖြစ် အိန္ဒိယဘက်က သတ်မှတ်ထားပြီး ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဒေသတွင်းသြဇာချဲ့ထွင်ရေးအတွက် မဟာဗျူဟာကျတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ နှစ်ဘက်စလုံးက ရရှိတဲ့ရလဒ်တွေအပေါ် ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိရှိနေတဲ့ နှစ်နိုင်ငံဆွေးနွေးရေးယန္တရားတွေ၊ ပုံမှန်အပြန်အလှန်တွေ့ဆုံမှုတွေ၊ သင်တန်းအစီအစဉ်တွေနဲ့ သဘောတူဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်မှုကတဆင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ သဘောတူခဲ့ပါတယ်။

အိန္ဒိယဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး နယ်စပ်လုံခြုံရေး၊ အရှေ့မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့လှုပ်ရှားမှုတွေ၊ စီးပွားရေးချိတ်ဆက်မှုနဲ့ တရုတ်သြဇာချဲ့ထွင်မှုကို ထိန်းညှိရေးအတွက် မြန်မာနိုင်ငံကို မဟာဗျူဟာအရ အရေးကြီးတဲ့အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ထားပါတယ်။

Related News

Most Read