Homeနိုင်ငံတကာသတင်းထရမ့်မိသားစု crypto ကုမ္ပဏီက အမေရိကန်က ကန့်သတ်ထားတဲ့ တရုတ် AI မော်ဒယ်တွေ ပေးနေတဲ့လုပ်ငန်းနဲ့ ပူးပေါင်း

ထရမ့်မိသားစု crypto ကုမ္ပဏီက အမေရိကန်က ကန့်သတ်ထားတဲ့ တရုတ် AI မော်ဒယ်တွေ ပေးနေတဲ့လုပ်ငန်းနဲ့ ပူးပေါင်း

ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် မိသားစုနဲ့ ဆက်စပ်တဲ့ crypto ကုမ္ပဏီ World Liberty Financial ဟာ အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးစိုးရိမ်ချက်နဲ့ ကန့်သတ်ထားတဲ့ တရုတ်နည်းပညာကုမ္ပဏီတွေ ဖန်တီးထားတဲ့ AI မော်ဒယ်တွေကို အသုံးပြုခွင့်ပေးနေတဲ့ ဟောင်ကောင်အခြေစိုက် WorldClaw နဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ Reuters က ဖော်ထုတ်ရေးသားပါတယ်။

WorldClaw ဝက်ဘ်ဆိုက်မှာ ရရှိနိုင်တဲ့ AI မော်ဒယ် ၉၀ ထဲက ၄၃ ခုဟာ Alibaba၊ Baidu၊ Z.ai နဲ့ တခြားတရုတ်နည်းပညာကုမ္ပဏီတွေက ဖန်တီးထားတာ ဖြစ်ပြီး အဲဒီကုမ္ပဏီတချို့ကို အမေရိကန်အစိုးရက တရုတ်စစ်တပ်နဲ့ ဆက်နွှယ်မှု၊ အမျိုးသားလုံခြုံရေးအန္တရာယ်နဲ့ နည်းပညာခိုးယူမှု စွပ်စွဲချက်တွေကြောင့် စောင့်ကြည့်ကန့်သတ်ထားပါတယ်။ WorldClaw မှာ OpenAI နဲ့ Anthropic တို့ရဲ့ AI မော်ဒယ်တွေလည်း ပါဝင်ပါတယ်။

WorldClaw က သူ့ရဲ့ AI ဝန်ဆောင်မှုတွေအတွက် World Liberty Financial ရဲ့ USD1 stablecoin ကို ငွေပေးချေမှုနည်းလမ်းအဖြစ် လက်ခံနေပါတယ်။ ထရမ့်မိသားစုက World Liberty Financial ရဲ့ ၃၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး USD1 ကို အသုံးပြုမှုကနေ ရရှိတဲ့ အကျိုးအမြတ်တချို့ကို ခံစားခွင့်ရှိပါတယ်။ ဒါပေမယ့် WorldClaw နဲ့ ပူးပေါင်းမှုကနေ ထရမ့်မိသားစု ဘယ်လောက်ဝင်ငွေရရှိခဲ့သလဲဆိုတာကို Reuters က အတည်မပြုနိုင်သေးပါဘူး။

WorldClaw မှာ ရရှိနိုင်တဲ့ AI မော်ဒယ်တွေထဲက Alibaba နဲ့ Baidu ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအဖြစ် သတ်မှတ်ထားပြီး ပင်တဂွန်က အဲဒီကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ဆောင်ခွင့်ကို ကန့်သတ်ထားပါတယ်။ Z.ai ကိုတော့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ Entity List မှာ ထည့်သွင်းထားတာကြောင့် အမေရိကန်နည်းပညာကို ရယူနိုင်မှု အပြင်းအထန် ကန့်သတ်ထားပါတယ်။

ဒါ့အပြင် WorldClaw မှာ DeepSeek နဲ့ Moonshot တို့ရဲ့ AI မော်ဒယ်တွေလည်း ရရှိနိုင်ပြီး ထရမ့်အစိုးရဘက်က အဲဒီကုမ္ပဏီတွေကို အမေရိကန် AI ကုမ္ပဏီတွေရဲ့ ဉာဏပစ္စည်းဆိုင်ရာ အချက်အလက်တွေ ခိုးယူတယ်လို့ မကြာသေးခင်က စွပ်စွဲထားပါတယ်။ တရုတ်ဘက်နဲ့ သက်ဆိုင်ရာကုမ္ပဏီတချို့ကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

World Liberty Financial နဲ့ WorldClaw တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက လက်ရှိအမေရိကန်ဥပဒေအရ တရားမဝင်တာ မဟုတ်ပါဘူး။ တရုတ် AI မော်ဒယ်အများစုကို အမေရိကန်က တစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုခွင့်လည်း ပိတ်ပင်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နည်းပညာကို အမျိုးသားလုံခြုံရေးအန္တရာယ်အဖြစ် သတ်မှတ်နေတဲ့ ထရမ့်အစိုးရရဲ့ ရပ်တည်ချက်နဲ့ ထရမ့်မိသားစု ဆက်စပ်လုပ်ငန်းရဲ့ စီးပွားရေးလုပ်ဆောင်မှုကြား အကျိုးစီးပွားပဋိပက္ခနဲ့ မူဝါဒဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

အိမ်ဖြူတော်ဘက်ကတော့ World Liberty Financial နဲ့ WorldClaw ဆက်ဆံရေးမှာ အကျိုးစီးပွားပဋိပက္ခ မရှိဘူးလို့ ပြောထားပြီး သမ္မတထရမ့်ဟာ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာ ဆုံးဖြတ်ချက်ချတယ်လို့ တုံ့ပြန်ပါတယ်။ World Liberty Financial ဘက်ကလည်း WorldClaw ဟာ သီးခြားလွတ်လပ်တဲ့ ကုမ္ပဏီဖြစ်ပြီး တရုတ်နဲ့ အမေရိကန် AI မော်ဒယ်နှစ်မျိုးစလုံးကို ပေးတာဟာ နည်းပညာလုပ်ငန်းလောကမှာ သာမန်လုပ်ရိုးလုပ်စဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ရဲ့ သားတွေဖြစ်တဲ့ Donald Trump Jr. နဲ့ Eric Trump တို့ဟာ World Liberty Financial ကို ပူးတွဲတည်ထောင်ထားသူတွေဖြစ်ပြီး WorldClaw ကို သူတို့ရဲ့ လူမှုကွန်ရက်တွေကနေ လူသိရှင်ကြား အားပေးကြော်ငြာထားပါတယ်။ World Liberty Financial ရဲ့ အကြီးတန်းအရာရှိတစ်ဦးကလည်း WorldClaw အတွက် အကြံပေးအဖြစ် ပါဝင်လုပ်ကိုင်ထားတယ်လို့ Reuters က ဆိုပါတယ်။

Reuters ရဲ့ ဇွန်လ စုံစမ်းဖော်ထုတ်ချက်အရ ထရမ့်မိသားစုဟာ World Liberty crypto token ရောင်းချမှုတွေကနေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ဝင်ငွေရရှိထားပြီး crypto လုပ်ငန်းစုစုပေါင်းကနေ ရရှိထားတဲ့ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံခန့်ထဲမှာ အကြီးဆုံးဝင်ငွေရင်းမြစ် ဖြစ်ပါတယ်။

WorldClaw ကတော့ သူ့ရဲ့ AI စုစည်းဝန်ဆောင်မှုမှာ အသုံးပြုသူ ၁၀,၀၀၀ ကျော် ရှိပြီး တစ်ရက်ကို AI task တောင်းဆိုမှု သန်း ၅၀ ကျော် လက်ခံနေတယ်လို့ ဆိုပါတယ်။ လုံခြုံရေးကျွမ်းကျင်သူတချို့က တရုတ် AI မော်ဒယ်တွေကို အသုံးပြုရာမှာ အသုံးပြုသူအချက်အလက် စောင့်ကြည့်ခံရနိုင်မှု၊ ဆင်ဆာဖြတ်တောက်ထားတဲ့ အဖြေတွေ ရရှိနိုင်မှုနဲ့ မသမာတဲ့ code ထည့်သွင်းနိုင်မှုအပါအဝင် အန္တရာယ်တွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ WorldClaw ဘက်ကတော့ ကိုယ်ရေးလုံခြုံမှုနဲ့ လုံခြုံရေးကာကွယ်မှုတွေ အသုံးပြုထားတယ်လို့ တုံ့ပြန်ပါတယ်။

Related News

Most Read