၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ Na Lat Phrao အရက်ဆိုင်မှာ ဇူလိုင် ၁၃ ရက် မနက်အစောပိုင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း သေဆုံးသူအများစုဟာ မီးလောင်ဒဏ်ရာကြောင့်မဟုတ်ဘဲ မီးခိုးရှူမိတာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ် အန်နူတင် ချာန်ဝီရာကူးလ် (Anutin Charnvirakul) က ပြောကြားပါတယ်။
လက်ရှိအချိန်အထိ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိထားကာ အဲဒီအထဲက ၂၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ် အန်နူတင်ရဲ့ ပြောကြားချက်အရ စင်မြင့်အနီး လျှပ်စစ်ဘရိတ်ကာ (circuit breaker) ကနေ မီးခိုးထွက်လာတာကို တီးဝိုင်းအဖွဲ့ဝင်တဦးက စတင်သတိပြုမိခဲ့ပြီး မကြာခင် လျှပ်စစ်မီးပြတ်သွားကာ ပေါက်ကွဲသံတခု ကြားခဲ့ရပြီးနောက် မီးခိုးတွေက ဆိုင်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူအများစုကိုတော့ ဆိုင်နောက်ဘက် အိမ်သာအနီးမှာ တွေ့ရှိခဲ့ရပြီး မီးခိုးထူထပ်လာချိန် အဲဒီဘက်ကို ထွက်ပြေးရင်း ပိတ်မိခဲ့ကြတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။ Reuters ရဲ့ ဖော်ပြချက်အရ အရေးပေါ်ထွက်ပေါက်တချို့ဟာ ဘီယာပုံးတွေနဲ့ ပရိဘောဂတွေကြောင့် ပိတ်ဆို့နေခဲ့တာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ ထိုင်းမှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ မီးသတ်အာဏာပိုင်တွေက ဆက်လက်စစ်ဆေးနေပါတယ်။ အာဏာပိုင်တွေဟာ အဆောက်အအုံရဲ့ မီးဘေးလုံခြုံရေးစနစ်၊ အရေးပေါ်ထွက်ပေါက်အသုံးပြုနိုင်မှုနဲ့ ဥပဒေလိုက်နာမှုတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။


