၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဘန်ကောက်မြို့ရှိ မြန်မာရေးလှုပ်ရှားသူတချို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ မီဒီယာဖော်ပြချက်တွေနဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ မဟုတ်မမှန်စွပ်စွဲချက်တွေဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မကြာသေးခင်က မီဒီယာတချို့နဲ့ လူမှုကွန်ရက်တွေမှာ ဘန်ကောက်မြို့ရှိ မြန်မာရေးလှုပ်ရှားသူတချို့၊ KNLA ဒါမှမဟုတ် KNLA နဲ့ ဆက်နွှယ်သူတွေကြား ဆက်သွယ်မှုရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေ ထွက်ပေါ်ခဲ့ပြီး အဲဒီဖော်ပြချက်တွေဟာ KNU-KNLA နဲ့ ထိုင်းနိုင်ငံအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ KNU က ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာ KNLA ဟာ KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေမယ့် DKBA၊ KNU/KNLA-PC၊ BGF၊ KPF နဲ့ KTLA တို့လို အခြားကရင်လက်နက်ကိုင်အဖွဲ့တွေဟာ သီးခြားအဖွဲ့အစည်းတွေဖြစ်ပြီး ကိုယ်ပိုင်ကွပ်ကဲမှု၊ ခေါင်းဆောင်မှု၊ ထိန်းချုပ်မှုနဲ့ ဆုံးဖြတ်ချက်ချစနစ်တွေနဲ့ လည်ပတ်နေကြတာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
ဒါကြောင့် လူတဦးတယောက် ဒါမှမဟုတ် အဖွဲ့တခုဟာ ကရင်လက်နက်ကိုင်အဖွဲ့တခုခုနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့သာ KNLA နဲ့ ဆက်နွှယ်တယ်လို့ သတ်မှတ်လို့မရဘူးလို့ KNU က ဆိုပါတယ်။
KNU က မကြာသေးခင်က မီဒီယာဖော်ပြချက်တွေထဲမှာ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ ထောက်ပံ့ငွေ ဒါမှမဟုတ် ရန်ပုံငွေဆိုင်ရာ စွပ်စွဲချက်တွေမှာ KNU-KNLA အနေနဲ့ ပတ်သက်မှုမရှိကြောင်းလည်း ငြင်းဆိုထားပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း မြန်မာရေးလှုပ်ရှားသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ ဒါမှမဟုတ် တစုံတဦးက လက်နက်ကိုင်လှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှု၊ တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး KNLA နဲ့ ဆက်နွှယ်ပြောဆိုတာတွေဟာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲ မပြုလုပ်သင့်ဘူးလို့ KNU က ပြောပါတယ်။
လက်ရှိအများပြည်သူသိနိုင်တဲ့ သတင်းအချက်အလက်တွေထဲမှာ KNLA အဖွဲ့ဝင် ဒါမှမဟုတ် KNLA နဲ့ တရားဝင်ဆက်နွှယ်သူဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား မတင်ပြနိုင်သေးဘူးလို့ KNU က ဆိုပါတယ်။
အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဟာ အများပြည်သူအကြား ထင်ယောင်ထင်မှားဖြစ်စေနိုင်သလို KNU နဲ့ KNLA ရဲ့ ဂုဏ်သိက္ခာကို အကြောင်းမဲ့ ထိခိုက်စေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ သက်ဆိုင်ရာအာဏာပိုင်တွေထံမှာ လူတဦးတယောက်ရဲ့ ပြစ်မှုကျူးလွန်မှု ဒါမှမဟုတ် KNLA နဲ့ ဆက်နွှယ်မှုရှိကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားရှိပါက KNU-KNLA အနေနဲ့ စစ်ဆေးအတည်ပြုရေး၊ သတင်းအချက်အလက်ဖလှယ်ရေးနဲ့ သင့်လျော်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း KNU က ပြောပါတယ်။
KNU-KNLA အနေနဲ့ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို၊ ငွေကြေးခဝါချမှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေလို တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ငြင်းဆိုထားပါတယ်။
KNU က မီဒီယာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အများပြည်သူဆီ သတင်းထုတ်ပြန်ရာမှာ စစ်ဆေးအတည်ပြုပြီးတဲ့ အချက်အလက်တွေနဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေပေါ် အခြေခံဖို့၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ထင်မြင်ချက်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
အဲဒီလိုဆောင်ရွက်မှသာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကာကွယ်နိုင်မယ့်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းနိုင်မယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


