Homeပြည်တွင်းသတင်းရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဒေသအချို့မှာ မြေလှုပ်မှုခံစားရ၊ ရွှေဘိုအရှေ့ဘက် ငလျင်လှုပ်

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဒေသအချို့မှာ မြေလှုပ်မှုခံစားရ၊ ရွှေဘိုအရှေ့ဘက် ငလျင်လှုပ်

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ဒီကနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းက မြေလှုပ်ခတ်မှုတွေ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်နဲ့ ၁၀ နာရီ ၅၅ မိနစ်ခန့်တို့မှာ မြေလှုပ်သလို ခံစားခဲ့ရပြီး သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ တာမွေ၊ သာကေတ၊ သုဝဏ္ဏနဲ့ မင်္ဂလာဒုံမြို့နယ်တို့က ဒေသခံတွေက လူမှုကွန်ရက်တွေမှာ မျှဝေထားပါတယ်။

အထူးသဖြင့် အထပ်မြင့်အဆောက်အအုံတွေပေါ်မှာ နေထိုင်သူတွေက လှုပ်ရှားမှုကို ပိုမိုသိသာစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပထမအကြိမ် လှုပ်ရှားမှုခံစားရပြီး ၁၅ မိနစ်ခန့်အကြာမှာ နောက်ထပ်တစ်ကြိမ် ထပ်မံလှုပ်ရှားခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ခံစားခဲ့ရတဲ့ လှုပ်ရှားမှုဟာ ငလျင်ကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအပါအဝင် ငလျင်တိုင်းတာရေးအဖွဲ့တွေက သီးခြားထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရဲ့ အရှေ့ဘက် ၈ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်တာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်ဘူမိလေ့လာရေးအဖွဲ့ USGS ရဲ့ မှတ်တမ်းတွေအရလည်း ဒီကနေ့ မနက်ပိုင်းအတွင်း စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်ခတ်မှုတွေ မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

မနက် ၄ နာရီကျော်မှာ စစ်ကိုင်းတိုင်းအတွင်း ပြင်းအား ၃ ဒသမ ၄ အဆင့်၊ မနက် ၈ နာရီခွဲကျော်မှာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ပြင်းအား ၂ ဒသမ ၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာလည်း မန္တလေးတိုင်းအတွင်း ပြင်းအား ၄ ဒသမ ၃ အဆင့်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြင်းအား ၃ ဒသမ ၃ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ USGS မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေမှာ ခံစားခဲ့ရတဲ့ လှုပ်ရှားမှုတွေကြောင့် လူထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှု သတင်းတွေတော့ လက်ရှိအချိန်အထိ မရရှိသေးပါဘူး။

ငလျင်ဗဟိုချက်၊ ပြင်းအားနဲ့ မြေအောက်အနက်ဆိုင်ရာ ကိန်းဂဏန်းတွေဟာ တိုင်းတာရေးအဖွဲ့တစ်ခုနဲ့တစ်ခုကြား အနည်းငယ်ကွာခြားနိုင်ပြီး နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ထုတ်ပြန်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဆက်စပ် သတင်းများ

Most Read