၃၀ မတ် ၂၀၂၆ | New Day Myanmar
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခလဘူရီဒေသမှာ လိင်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူကုန်ကူးမှုကွန်ရက်တခုကို ရဲတပ်ဖွဲ့က လျှို့ဝှက်စစ်ဆင်ရေးနဲ့ ဖြိုခွင်းခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လိင်လုပ်ငန်းလုပ်ကိုင်သူထဲမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးလည်းပါဝင်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ နောင်လူ ၊ စံခလဘူရီ နယ်စပ်ဒေသမှာ မြန်မာလူငယ်တစုက အမျိုးသမီးတွေကို နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်လာပြီး လိင်လုပ်ငန်းလုပ်ခိုင်းနေတယ်ဆိုတဲ့ သတင်းအချက်အလက် ရရှိပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာဖြစ်ပါတယ်။ Line အကောင့်တခုကနေ လိင်မှုဆိုင်ရာ ဝန်ဆောင်မှုယူဖို့ အတွက် ဆက်သွယ်ရေးအနေနဲ့ အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားအယောင်ဆောင်ပြီး မိန်းကလေး ၂ ဦးကို တဦးလျှင် ဘတ် ၈၀၀ နဲ့ ချိန်းဆိုခဲ့ပါတယ်။ မတ်လ ၂၇ ရက် ည ၈ နာရီခွဲက Resort တခုမှာ တွေ့ဆုံဖို့ ချိန်းဆိုခဲ့ပြီး အဲ့ဒီအချိန်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား ရဲ ဆိုသူက ဘေးတွဲဆိုင်ကယ်နဲ့ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ရှိ မိန်းကလေး ၂ ဦးကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ငွေသားပေးချေပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အသက် ၃၁ နှစ်ရှိ နောက်ထပ် မြန်မာနိုင်ငံသားတဦးကိုလည်း ထပ်ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းမှုအတွင်း အသက် ၃၁ နှစ်အရွယ်မြန်မာနိုင်ငံသားက မိန်းကလေးတွေကို ဖောက်သည်တွေနဲ့ ချိတ်ဆက်ပေးပြီး တဦးကို ဘတ် ၈၀၀ ထဲက ဘတ် ၅၀၀ ကို သူယူတယ်လို့ ဝန်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံသား ရဲ လို့ ဆိုသူ နဲ့ အဆက်အသွယ်မရတာကြောင့် ငွေမရနိုင်မှာ စိုးရိမ်ပြီး Resort ကို ကိုယ်တိုင် လိုက်လာချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို လူကုန်ကူးခံရသူအဖြစ် သတ်မှတ်ပြီး သီးခြားကာကွယ်စောင့်ရှောက်ထားပါတယ်။ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
လိင်ကုန်ကူးတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကိုတော့ လူကုန်ကူးမှု၊ လိင်လုပ်ငန်းပွဲစားလုပ်မှု၊ အသက်မပြည့်သေးသူကို လိင်ပိုင်းဆိုင်ရာအတွက် ခေါ်ယူမှု အပါအဝင် ပြစ်မှု ၆ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


