Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုကို APHR ကြိုဆို၊ စစ်အုပ်စုကို တရားဝင်မှု ပြန်ပေးဖို့ မသုံးချရန် သတိပေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုကို APHR ကြိုဆို၊ စစ်အုပ်စုကို တရားဝင်မှု ပြန်ပေးဖို့ မသုံးချရန် သတိပေး

ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် သွားရောက်တွေ့ဆုံခဲ့တာဟာ မျှော်လင့်ချက် ပြန်လည်ဖြစ်ပေါ်စေတဲ့ ပထမခြေလှမ်းဖြစ်ပေမယ့် ဒီတစ်ကြိမ်တည်းနဲ့ မရပ်တန့်သင့်ဘူးလို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြောပါတယ်။

“နှစ်ပေါင်းများစွာ တွေ့ဆုံခွင့်မရခဲ့ပြီးနောက် အခုလိုတွေ့ဆုံခွင့်ရတာကို ကြိုဆိုပါတယ်။ ဒီတွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုအခြေအနေအကြောင်း ပိုမိုသိရှိလာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Chriesty Barends က ပြောပါတယ်။

ဒါပေမဲ့ တွေ့ဆုံမှုတစ်ကြိမ်တည်းနဲ့ မလုံလောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးအတည်ပြုနိုင်ဖို့ ပုံမှန်နဲ့ လွတ်လပ်တဲ့ တွေ့ဆုံခွင့်ပေးရမယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့် ပြန်လည်ပေးဖို့နဲ့ နောက်ဆုံးမှာ လွှတ်ပေးရေးအထိ ဆက်လက်အကောင်အထည်ဖော်ရမယ်လို့ APHR က တောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေးကို စစ်အုပ်စုရဲ့ နိုင်ငံရေးအပေးအယူတစ်ခုအဖြစ် အသုံးမချသင့်ဘူးလို့လည်း APHR က သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း ICRC တွေ့ဆုံမှုဟာ ပွင့်လင်းမြင်သာမှု၊ လူသားချင်းစာနာမှုဆိုင်ရာ တွေ့ဆုံခွင့်နဲ့ နောက်ဆုံးမှာ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် အစပြုမှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ICRC တွေ့ဆုံမှုဟာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်တို့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အချိန် မတိုင်ခင် ရက်ပိုင်းအလိုမှာ ဖြစ်ပေါ်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၁၂ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဘန်ကောက်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီးနောက် အခုလို ICRC တွေ့ဆုံမှု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

APHR ကတော့ လူသားချင်းစာနာမှုဆိုင်ရာ တွေ့ဆုံမှုတစ်ကြိမ်ကို အကြောင်းပြပြီး စစ်အုပ်စုကို အာဆီယံအတွင်း တဖြည်းဖြည်း တရားဝင်မှု ပြန်လည်ပေးအပ်တာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုက အကောင်အထည်ဖော်ခြင်း မရှိသေးတဲ့အတွက် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုလက်အောက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၂,၀၀၀ ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုရမယ်လို့ APHR က ထုတ်ပြန်ထားပါတယ်။

Related News

Most Read