၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံနဲ့ အာဆီယံကြား ဆက်လက်ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အခြေအနေတွေကို ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက် တွေ့ဆုံမယ်လို့ သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က အဲဒီအစည်းအဝေးကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးတက်ရောက်မယ့် အလွတ်သဘော အစည်းအဝေးတခု ဖြစ်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။ ဒီအစည်းအဝေးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာဘက် ထိပ်တန်းသံတမန်ကြား ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံတဲ့ အစည်းအဝေးဖြစ်လာမယ်လို့ သတင်းဖော်ပြချက်တွေမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်ဘက်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ မခွဲမခွာနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံတခုအဖြစ် ဆက်ရှိနေပြီး အခုအစည်းအဝေးမှာ မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းပြောဆိုခွင့်ရမယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ အာဆီယံနဲ့ မြန်မာနိုင်ငံကြား ဆက်လက်ဆက်ဆံရေး၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူတွေကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုစတင်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် လက်တွေ့ဆောင်ရွက်နိုင်မယ့် အဆင့်တွေကို ဆွေးနွေးမယ်လို့ ဖိလစ်ပိုင်ဘက်က ပြောထားပါတယ်။
မြန်မာဘက်က အစည်းအဝေးတက်ရောက်မယ့် နိုင်ငံခြားရေးဝန်ကြီးဟာ ဦးတင်မောင်ဆွေဖြစ်ပြီး သူဟာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow နေပြည်တော်ကို သွားရောက်ခဲ့ချိန်ကလည်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းငွေလိမ်မှု၊ မီးခိုးမြူနဲ့ မြစ်ရေညစ်ညမ်းမှုလို နယ်စပ်ဖြတ်ကျော်ပြဿနာတွေကို ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်ခဲ့တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကို တက်ရောက်ခွင့်ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဆုံးဖြတ်ချက်မှာ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးအတွက် အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်အတည်ပြုထားပြီး အကြမ်းဖက်မှုလျှော့ချရေး၊ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီ အချိန်မီနဲ့ ပွင့်လင်းမြင်သာစွာပေးပို့ရေး၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ရေးတို့ကို တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ ဘန်ကောက်အစည်းအဝေးမတိုင်ခင်မှာပဲ စစ်အုပ်စုထိန်းချုပ်လွှတ်တော်အတွင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ရေးနဲ့ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်ကို တန်ပြန်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအဆိုကို ကြံ့ခိုင်ရေးကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်သလို အာဆီယံရဲ့ မစွက်ဖက်ရေးမူနဲ့ မကိုက်ညီဘူးဆိုပြီး စစ်အုပ်စုထိန်းချုပ်လွှတ်တော်အတွင်း ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အာဆီယံဘက်ကတော့ ၂၀၂၅ ခုနှစ် ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားနေမှု၊ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်မှုမရှိမှုတို့အပေါ် စိုးရိမ်ကြောင်း ထပ်မံဖော်ပြထားပြီး မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်နေဆဲဖြစ်တာကြောင့် ငြိမ်းချမ်းပြီး တည်တံ့တဲ့ ဖြေရှင်းနည်းရှာဖွေရေး ဆက်လက်ကူညီမယ်လို့ ပြောထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံနဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်လာရေး ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့သီတင်းပတ်က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ လာအိုကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အပြီး မကြာခင်မှာပဲ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမယ့် အစည်းအဝေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အာဆီယံအတွင်း မြန်မာစစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်ဖို့ လှုပ်ရှားမှုတွေ မြင်တွေ့လာရပေမယ့် ဘုံသဘောတူညီချက် ၅ ရပ်၊ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လက်တွေ့ရောက်ရှိရေးကတော့ အဓိကစိန်ခေါ်မှုအဖြစ် ဆက်ရှိနေပါတယ်။


