Homeပြည်တွင်းသတင်းစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အာဆီယံကို NUG တိုက်တွန်း

စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အာဆီယံကို NUG တိုက်တွန်း

၁၂ မေ ၂၀၂၆ | New Day Myanmar

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌထုတ်ပြန်ချက်နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) အကောင်အထည်ဖော်ဆောင်မှုတို့အပေါ် တုံ့ပြန်ထုတ်ပြန်ချက်တစ်စောင်ကို မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ဥက္ကဋ္ဌထုတ်ပြန်ချက်ကို “အလေးအနက်မှတ်သားတယ်” လို့ NUG က ပြောထားပြီး မြန်မာပြည်သူတွေကို အာဆီယံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေထဲကနေ ချန်လှပ်မထားဖို့ တိုက်တွန်းထားပါတယ်။

NUG က မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေမှုနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေအပေါ် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုဖော်ပြချက်နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချထားတာကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အဓိကမူဘောင်အဖြစ် ဆက်လက်ထားရှိတာကို ထောက်ခံကြောင်းနဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကတိပြုထားပါတယ်။

NUG က အာဆီယံအနေနဲ့ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ခွဲခြားမှုမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေးအတွက် အချိန်ကန့်သတ်ချက်ပါတဲ့ တိကျရှင်းလင်းသော ယန္တရားတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

“အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေပါလိမ့်မည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ တစ်ဖက်သတ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးလည်း လက်ရှိ စစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးတဲ့ အခြေအနေတွေအောက်မှာ ပြုလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို ဒီမိုကရေစီတရားဝင်မှု မရှိဘူးလို့ NUG က အခိုင်အမာ ပြောထားပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ အဲဒီလို စံနှုန်းမပြည့်မီတဲ့ တစ်ဖက်သတ်လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဖို့ တိုက်တွန်းထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီးတော့လည်း AHA Centre ရဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုထားပေမယ့် ထိရောက်တဲ့ အကူအညီပေးနိုင်ဖို့အတွက် NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို တရားဝင်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကနေသာ အကူအညီပေးပို့တာဟာ နိုင်ငံရေးအမြတ်ထုတ်ခံရနိုင်ပြီး ကြားနေမှုနဲ့ ခွဲခြားမှုမရှိရေး စတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေခံမူတွေနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

NUG က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Ma. Theresa P. Lazaro ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ချီးကျူးထားပြီး ရေရှည်အထူးကိုယ်စားလှယ် တာဝန်သတ်မှတ်ချက်တွေထဲမှာ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တရားဝင်သက်ဆိုင်သူအဖြစ် ထည့်သွင်းအသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်မှုအပေါ် အာဆီယံရဲ့ မှတ်ချက်ကို အသိအမှတ်ပြုကြောင်း ပြောထားပေမယ့် လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး