၂၃ ဧပြီ ၂၀၂၆ | New Day Myanmar
လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးဝေမယ်လို့ စစ်ကော်မရှင်က ကြေညာထားပေမယ့် လက်တွေ့မြေပြင်မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကော်မရှင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်ကနေစပြီး ရန်ကုန်မှာ တစ်နေ့ ၂၀ နာရီ၊ မန္တလေးမှာ ၁၈ နာရီနဲ့ အခြားဒေသတွေမှာ အနည်းဆုံး ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အား ပေးဝေသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကြေညာချက်နဲ့ လက်တွေ့ လျှပ်စစ်မီးရရှိနေတဲ့အခြေအနေတွေဟာ ကွဲလွဲနေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
“မနေ့ကဆို လာချိန်ကြီးမှာပြတ်နေတယ်။ လာပြန်တော့လည်း မိနစ်ပိုင်းလေးလာပြီး ပြန်ပြတ်သွားတယ်။ လူနေရပ်ကွက်တွေက အဆိုးဆုံးပဲ။ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးငယ်တွေ အရမ်းဒုက္ခရောက်နေကြတယ်” လို့ သူက ဆိုပါတယ်။
ရန်ကုန်လျှပ်စစ်ဌာနဘက်ကလည်း 6.6kV လှိုင်ရတနာမွန်ဖီဒါမှာ မြေအောက်ဓာတ်ကြိုး ချို့ယွင်းမှုဖြစ်ပေါ်နေတဲ့အတွက် လှိုင်မြို့နယ် အင်းစိန်လမ်းတလျှောက်ရှိ ရပ်ကွက်တွေမှာ မီးမရရှိနိုင်သေးဘူးလို့ အသိပေးထားပါတယ်။
မန္တလေးမြို့မှာလည်း မီးပေးချိန် တိုးမြှင့်ပေးမယ်လို့ ဆိုထားပေမယ့် ဧပြီ ၂၂ ရက်ကစပြီး မီးပြတ်တောက်ချိန်ရှည်လျားလာသလို မီးလာချိန်လည်း နာရီအနည်းငယ်သာ ရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး နွေရာသီ အပူရှိန်မြင့်တက်နေချိန်မှာ မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာတာကြောင့် ပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
မီးပေးဝေချိန်ကို အလှည့်ကျစနစ်နဲ့ ခွဲဝေပေးနေသော်လည်း သတ်မှတ်ထားတဲ့အချိန်အတိုင်း မရရှိခြင်း၊ မီးပြတ်ချိန်ရှည်လျားခြင်းတို့ကြောင့် အခြေခံလူတန်းစားများနှင့် လုပ်ငန်းရှင်များပါ ထိခိုက်နေရတယ်လို့ သိရပါတယ်။


