Homeပြည်တွင်းသတင်းနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၀ ကျော်ကို ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာ

နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၅၀ ကျော်ကို ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာ

၂၃ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၅၀ ကျော်ကို ဧပြီ ၂၃ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ (State of Emergency) ကြေညာလိုက်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဆိုပြီး စစ်သမ္မတ မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါကြေညာချက်အရ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေပါဝင်သလို တိုက်ပွဲမဖြစ်ပွားသေးတဲ့ ဒေသတွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အထူးဒေသ (၄) မိုင်းလားလို ဒေသတွေပါဝင်လာတာဟာ ထူးခြားချက်တစ်ခုအဖြစ် မြင်တွေ့ရပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ မြို့နယ်တွေထဲမှာ—

* ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ် (ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်)

* ရှမ်းပြည်နယ်မှာ ၁၅ မြို့နယ် (နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား)

* ချင်းပြည်နယ်မှာ ၇ မြို့နယ် (ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း)

* စစ်ကိုင်းတိုင်းမှာ ၈ မြို့နယ် (ကောလင်း၊ ပင်လည်ဘူး၊ အင်းတော်၊ ပုလဲ၊ ဝက်လက်၊ ခင်ဦး၊ ကနီ၊ ဒီပဲယင်း)

* မကွေးတိုင်းမှာ ၅ မြို့နယ် (ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို)

* ကချင်ပြည်နယ်မှာ ၅ မြို့နယ် (ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ)

* ကယားပြည်နယ်မှာ ၃ မြို့နယ် (ရှားတော၊ ဖားဆောင်း၊ မယ်စဲ့)

* ကရင်ပြည်နယ်မှာ ၂ မြို့နယ် (ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး)

* မန္တလေးတိုင်းမှာ ငါန်းဇွန်မြို့နယ်

တို့ ပါဝင်ပါတယ်။

တစ်ဖက်မှာတော့ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ KIA ထိန်းချုပ်ရာ ဒေသတွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တည်၊ မိုးမောက်နဲ့ ဖားကန့်မြို့နယ်တွေ မပါဝင်လာသေးတာလည်း တွေ့ရပါတယ်။

အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ထုတ်ပြန်တဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်မယ်လို့ ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး