Homeပြည်တွင်းသတင်းတလခွဲကြာ ဆက်တိုက်တက်ခဲ့တဲ့ စက်သုံးဆီဈေး ပြန်ကျလာ၊ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုတွင် မြန်မာက ထိပ်ဆုံးရှိနေဆဲ

တလခွဲကြာ ဆက်တိုက်တက်ခဲ့တဲ့ စက်သုံးဆီဈေး ပြန်ကျလာ၊ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုတွင် မြန်မာက ထိပ်ဆုံးရှိနေဆဲ

၂၄ ဧပြီ ၂၀၂၆ | New Day Myanmar

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကနေ ၆ ပတ်ဆက်တိုက် မြင့်တက်နေခဲ့တဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ဒီကနေ့ ဧပြီ ၂၄ ရက်မှာ အနည်းငယ် ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုအချိုးအစားအရ မြန်မာနိုင်ငံဟာ နှစ်ဆကျော်အထိ မြင့်တက်နေတဲ့ နိုင်ငံများထဲမှာ ဆက်လက် ပါဝင်နေဆဲဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေကတော့

ဓာတ်ဆီ 92 Ron တစ်လီတာ ၄,၆၆၈ ကျပ် (၆၇ ကျပ် ကျဆင်း)၊

ဓာတ်ဆီ 95 Ron တစ်လီတာ ၄,၉၀၉ ကျပ် (၃၆ ကျပ် ကျဆင်း)၊

ဒီဇယ် တစ်လီတာ ၅,၇၅၂ ကျပ် (၇၃၃ ကျပ် ကျဆင်း)၊

ပရီမီယံဒီဇယ် တစ်လီတာ ၇,၀၁၂ ကျပ် (၇၄၃ ကျပ် ကျဆင်း) အထိ ကျဆင်းလာတာဖြစ်ပါတယ်။

အီရန်–အစ္စရေး ပဋိပက္ခဂယက်ကြောင့် ပြည်တွင်းဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၂,၄၀၀ ဝန်းကျင်ကနေ ၅,၀၀၀ ကျော်အထိ အမြင့်တက်ခဲ့ပြီးနောက် လက်ရှိမှာ ကျပ် ၃၀ ကနေ ၇၀၀ ကျော်အထိ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။

ကမ္ဘာ့ဈေးနှုန်းအခြေအနေအရ Global Petro Prices ရဲ့ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ ဈေးနှုန်းအမြင့်ဆုံးနိုင်ငံများထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါအချက်အလက်အရ မြန်မာနိုင်ငံမှာဓာတ်ဆီဈေးနှုန်း ၁၀၁ ရာခိုင်နှုန်းကျော် (နှစ်ဆကျော်)၊ဒီဇယ်ဈေးနှုန်း ၁၆၁.၄ ရာခိုင်နှုန်း (နှစ်ဆခွဲကျော်) အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလမတိုင်မီ ဆီဆိုင်တွေမှာ တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ တန်းစီမှုတွေ သိသိသာသာ လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါဟာ ဆီဖူလုံလာတာကြောင့်မဟုတ်ဘဲ ရောင်းချမှုကန့်သတ်ချက်များကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန်တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အခုက မိုင်လစ်ကိုကြည့်ပြီး ဆီရောင်းပေးတာဆိုတော့ ဆိုင်တွေမှာ လူမရှိသလိုဖြစ်တာပါ” လို့ သူက ဆိုပါတယ်။

လက်ရှိဈေးနှုန်းအနည်းငယ် ကျဆင်းလာသော်လည်း ကုန်ကျစရိတ်မြင့်မားမှုနဲ့ ဆီရရှိရေးအခက်အခဲတွေဟာ သုံးစွဲသူပြည်သူတွေအတွက် ဆက်လက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး