၂၃ ဧပြီ ၂၀၂၆ | New Day Myanmar
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသရင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ပြန်လည်ထုတ်ယူရာမှာ ဆေးရုံအလုပ်သမားအချို့က “သရဏဂုံတင်ကြေး” ဆိုတဲ့အကြောင်းပြချက်နဲ့ ငွေကျပ် သိန်းချီ မတရားတောင်းခံမှုတွေ ရှိနေတယ်လို့ နာရေးရှင်တွေက ပြောပါတယ်။
ဆေးရုံရေခဲတိုက်ကနေ ရုပ်အလောင်းထုတ်ယူရာမှာ Dead Body ထုတ်ခအဖြစ် ကျပ် ၅ သောင်းဝန်းကျင်နဲ့ အလောင်းပြင်ဆင်စရိတ်အပါ “သရဏဂုံတင်ကြေး” ဆိုပြီး ကျပ် ၁ သိန်းဝန်းကျင်အထိ တောင်းခံနေတာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒါအမှန်ဘဲ။ လူနာကို ဆရာဝန်က ရင်ခွဲစရာမလိုဘူးပြောတာတောင် ရင်ခွဲရမယ်ဆိုပြီး တောင်းတာတွေလည်းရှိတယ်။ သေလို့ ကုတင်ကနေ ရေခဲတိုက်၊ ရေခဲတိုက်ကနေ နာရေးရှင်တွေက အလောင်းထုတ်ယူတဲ့အထိကို ပေးနေရတာ။ အလောင်းကို ဒီတိုင်းမထုတ်ပေးဘူး၊ လူမြင်ကောင်းအောင် နည်းနည်းပြင်ဆင်ပြီး သရဏဂုံကြေးဆိုပြီး ထပ်တောင်းနေသေးတယ်” လို့ ရန်ကုန်နေ နာရေးရှင်တစ်ဦးက ပြောပါတယ်။
နယ်ဝေးပို့ဆောင်ရမယ့် ရုပ်အလောင်းတွေကိုလည်း ဆေးရုံဝန်ထမ်းနဲ့ ပရဟိတအမည်ခံကားတွေက ကျပ်သိန်းဆယ်နဲ့ချီ တောင်းယူပို့ဆောင်နေတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အရေးပေါ်ဌာနအတွင်းမှာလည်း လူနာတွန်းလှည်းသမားတွေနဲ့ လူနာတင်ယာဉ် (Ambulance) မောင်းသူတွေက လူနာရှင်တွေဆီက “လက်ဖက်ရည်ဖိုး” အမည်နဲ့ အခကြေးငွေ တောင်းခံမှုတွေ ရှိနေပါတယ်။
ဒီလိုငွေကြေးတောင်းခံမှုတွေနဲ့ပတ်သက်ပြီး ဆေးရုံရှိ တိုင်ကြားစာပုံးတွေမှာ တိုင်စာပေးပို့မှုတွေ ရှိပေမယ့် တာဝန်ရှိသူတွေဘက်က ထိရောက်စွာ အရေးယူမှုမရှိသေးဘူးလို့ ပြည်သူတွေက ပြောပါတယ်။
“တိုင်ကြားစာပုံးကလည်း ရုပ်ပြပဲထားတာပါဗျာ။ ဘယ်သူမှ အရေးတယူမတိုင်ဘူး။ ဘာ့ကြောင့်လဲဆို အရေးယူတာမျိုး မရှိတာ။ ဒီလိုလုပ်စားနေတာတွေက ခေတ်အဆက်ဆက်အခုထိပဲ။ ဒါကိုကြည့်ရင် အရေးယူသလား မယူသလား သိနေကြတာပဲ” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ခေတ်အဆက်ဆက် ရှိခဲ့တဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ ငွေတောင်းခံတဲ့ အလေ့အထဟာ လက်ရှိ စစ်ကော်မရှင်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ပိုမိုဆိုးရွားလာတာဖြစ်နိုင်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်


