၉ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်၊ ဘန်ချန်မြို့မှာရှိတဲ့ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း အလေးချိန်ရှိတဲ့ စက္ကူဖာပြိုကျရာကနေ ပိမိကာ သေဆုံးခဲ့တယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ဆီကနေ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ အဲ့ဒီစက်ရုံမှာ အလုပ်ဝင်ရောက်လုပ်တာဟာ ၄ ရက်ခန့်သာရှိသေးပြီး ဒီကနေ့ ဧပြီ ၉ ရက် မနက် ၁၀ နာရီခွဲအချိန်မှာ လုပ်ငန်းခွင်အတွင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
သူမဟာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သေဆုံးမှုအတွက် မိသားစုဝင်များက အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ဆီကို အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။
အလုပ်သမားမဟာမိတ်အဖွဲ့ကလည်း သေဆုံးသူ အမျိုးသမီးအတွက် ရသင့်ရထိုက်တဲ့ လျော်ကြေးငွေအပါအဝင် အခြားနစ်နာမှုတွေ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အမှုကို လက်ခံထားတယ်လို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)


