ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar
ကမ္ဘာ့စွမ်းအင်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ ပြန်လည်ဖြတ်သန်းနိုင်ရေး သဘောတူညီချက်ဟာ ဩဂုတ် ၅ ရက် ဒါမှမဟုတ် နောက်တစ်ရက်အတွင်း ထွက်ပေါ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်နဲ့ အိုမန်နိုင်ငံတို့ကြား ဆွေးနွေးမှုတွေမှာ တိုးတက်မှုများစွာရှိနေပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး သဘောတူညီချက်နီးကပ်နေပြီလို့ ထရမ့်က ဩဂုတ် ၄ ရက် ညပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့ အိုမန်ညှိနှိုင်းရေးအဖွဲ့တွေဟာ သဘောတူညီချက်မူကြမ်းကို အပြီးသတ်ထားပြီး အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ဆီက နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆွေးနွေးမှုအကြောင်း သိရှိတဲ့ ဒေသဆိုင်ရာတာဝန်ရှိသူ ၂ ဦးက Associated Press ကို ပြောပါတယ်။
အဆိုပြုထားတဲ့ အစီအစဉ်အရ သင်္ဘောတွေဟာ အီရန်ထိန်းချုပ်တဲ့ ရေလမ်းကြောင်းကတစ်ဆင့် ပါရှန်ပင်လယ်ကွေ့အတွင်း ဝင်ရောက်ပြီး အိုမန်ထိန်းချုပ်တဲ့ ရေလမ်းကြောင်းကနေ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပင်လယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝန်ဆောင်ခကောက်ခံမယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရက အီရန်ကို ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်ခွင့်ပေးမယ့် သဘောတူညီချက်မျိုးကို လက်မခံနိုင်ဘူးလို့ အရင်က ပြောထားသလို ထရမ့်ကလည်း သင်္ဘောဖြတ်သန်းခ ကောက်ခံမယ့်အစီအစဉ်ကို ကန့်ကွက်ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ဆွေးနွေးမှုတွေ တိုးတက်နေပေမယ့် နောက်ဆုံးသဘောတူညီချက် မရသေးဘူးလို့ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အစိုးရကို ဖြုတ်ချရေးနဲ့ နျူကလီးယားအစီအစဉ် အဆုံးသတ်ရေးအပါအဝင် ရည်ရွယ်ချက်တွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်စစ်ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှု အလွန်နည်းပါးသွားခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းခဲ့တဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေတာကြောင့် လောင်စာဆီနဲ့ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိနေပါတယ်။ သဘောတူညီချက်ရနိုင်မယ့် မျှော်လင့်ချက်ကြောင့် ရေနံဈေးနှုန်းတွေ ကနဦးကျဆင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဘရန့်ရေနံတစ်စည် အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်အထိ ပြန်တက်လာပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ဇွန်လမှာလည်း ရေလက်ကြားပြန်ဖွင့်ရေး သဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် နောက်ပိုင်း တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားတာကြောင့် ပျက်ပြယ်ခဲ့ပါတယ်။ အခုသဘောတူညီချက်က အကောင်အထည်ပေါ်လာရင် အီရန်နျူကလီးယားအစီအစဉ်ဆိုင်ရာ နောက်ဆုံးသဘောတူညီချက်ရရှိရေး အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ ပြန်စနိုင်မယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း ရေလက်ကြားပြန်ဖွင့်ရေး ဆွေးနွေးမှုတွေ တိုးတက်နေချိန် ပင်လယ်ပြင်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အီရန်ထောက်ခံတဲ့ ဟူသီအဖွဲ့က ဆော်ဒီရေနံတင်သင်္ဘောတစ်စင်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောထားသလို ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စင်းလည်း အမည်မသိပစ်လွှတ်ပစ္စည်း ထိမှန်ခဲ့တယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။

