၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
ရိုဟင်ဂျာဒုက္ခသည် သုံးသိန်းကို မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ သဘောတူထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရကြား ဆွေးနွေးထားခြင်းမရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရှာမာအိုဘေ့ဒ်အစ္စလာမ်က ဇူလိုင် ၃၀ ရက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။
“ဒီလိုဖြစ်လာရင် အရမ်းကောင်းတဲ့သတင်း ဖြစ်မှာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိ တိကျတဲ့အချက်အလက် ကျွန်မ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာဘက်နဲ့ ဆက်သွယ်မှုရှိနေဆဲဖြစ်ပေမဲ့ ရိုဟင်ဂျာသုံးသိန်း ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး အစိုးရနှစ်ရပ်ကြား တရားဝင်ဆွေးနွေးထားခြင်း မရှိသေးဘူးလို့ ရှာမာအိုဘေ့ဒ်က အတည်ပြုခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်ဟာ မလေးရှားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ၅,၀၀၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ သုံးသိန်းကို ပြန်လည်လက်ခံဖို့ သဘောတူခဲ့တယ်လို့ ဇူလိုင် ၂၉ ရက်မှာ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာ ၅,၀၀၀ နဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ သုံးသိန်းကို ပြန်လက်ခံဖို့ သဘောတူထားပါတယ်။ ဒါဟာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းခဲ့လို့ပါ။ ဒီလိုကိစ္စတွေမှာ သတိကြီးကြီးထားတဲ့ သံတမန်ရေး လိုအပ်ပါတယ်” လို့ အန်ဝါက ပြောခဲ့တာပါ။
ဒါပေမဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အတည်မပြုနိုင်သေးသလို သုံးသိန်းပြန်လည်လက်ခံရေးအတွက် မြန်မာဘက်နဲ့ သဘောတူညီချက်ရရှိထားခြင်း မရှိသေးကြောင်း ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
မလေးရှားက လူ ၅,၀၀၀ ပြန်ပို့မယ့်အစီအစဉ်နဲ့ပတ်သက်ပြီးလည်း ပြန်လည်လက်ခံမယ့်သူတွေဟာ ရိုဟင်ဂျာတွေမဟုတ်ဘဲ မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ မြန်မာဘက်က ငြင်းဆိုထားပါတယ်။


