၁၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘောတွေ့ဆုံမယ့် အစီအစဉ်ဟာ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးရာရောက်နိုင်တာကြောင့် အာဆီယံအနေနဲ့ အဲဒီလို မလုပ်သင့်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိလွှတ်တော်အမတ် Saifuddin Abdullah က သတိပေးလိုက်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံက ဇူလိုင် ၁၂ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမယ့် အလွတ်သဘောအစည်းအဝေး ခေါ်ယူထားတာအပေါ် အလွန်စိုးရိမ်မိတယ်လို့ Saifuddin Abdullah က ဇူလိုင် ၁၁ ရက်မှာ ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အခုအစည်းအဝေးဟာ မြန်မာ့အကျပ်အတည်းကို ကိုယ်တိုင်ဖန်တီးထားပြီး အာဆီယံရဲ့ ဖြေရှင်းရေးကြိုးပမ်းမှုတွေကို အမြဲတမ်း လျစ်လျူရှုခဲ့တဲ့ စစ်အုပ်စုနဲ့ အာဆီယံကြား ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးရာရောက်တယ်လို့ သူက ထောက်ပြပါတယ်။
Saifuddin Abdullah က သူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန်ကတည်းက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ မလုံလောက်ဘူးလို့ ပြောဆိုခဲ့ပြီး ရှင်းလင်းတဲ့ နောက်ဆုံးရည်မှန်းချက်ပါတဲ့ မူဘောင်သစ်တခု လိုအပ်တယ်လို့ အလွတ်သဘော အဆိုပြုခဲ့ဖူးကြောင်း ဆိုပါတယ်။
စစ်အုပ်စုဟာ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့သလို အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း ပိုမိုပြင်းထန်စွာ ဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုထိန်းချုပ်ထားတဲ့ လွှတ်တော်က ဇူလိုင် ၉ ရက်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပယ်ချတဲ့အဆို အတည်ပြုခဲ့တာကြောင့် အာဆီယံရဲ့ အနည်းဆုံးအဆိုပြုချက်ကိုတောင် စစ်အုပ်စုက လက်မခံချိန်မှာ ပိုမိုမြင့်မားတဲ့ အဆင့်နဲ့ ထိတွေ့ဆက်ဆံခွင့် ဘာကြောင့်ပေးနေရသလဲလို့ သူက မေးခွန်းထုတ်ထားပါတယ်။
ဇွန်လ ၂၅ ရက်က မလေးရှားလွှတ်တော်အတွင်း လက်ရှိနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာဟာ မလေးရှားက စစ်အုပ်စုနဲ့ ဆက်ဆံရေးပုံမှန်ပြန်လုပ်နေသလို မြင်နိုင်ကြောင်း သတိပေးခဲ့တယ်လို့ Saifuddin Abdullah က ပြောပါတယ်။
အခုအစည်းအဝေးနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရဘက်က တိတ်ဆိတ်နေမှုကိုလည်း သူက မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အစည်းအဝေး မတက်ဖို့ တိုက်တွန်းထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဆီ စာတိုပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။
မလေးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ အတိုင်ပင်ခံကောင်စီတွေနဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေအပါအဝင် ဒီမိုကရေစီဘက်က သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာကြောင့် လက်ရှိအစည်းအဝေးကို ထောက်ခံမယ်ဆိုရင် အဲဒီရည်မှန်းချက်တွေကို ကိုယ်တိုင်ဖျက်ဆီးရာရောက်မယ်လို့ သူက ပြောပါတယ်။
စစ်အုပ်စုဟာ ခွဲခြားအုပ်ချုပ်ရေးနည်းလမ်းနဲ့ နိုင်ငံရေးတရားဝင်မှုကို ချဲ့ထွင်နေပြီး တဖက်မှာလည်း အာဆီယံရဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ကျဉ်းမြောင်းလာအောင် လုပ်ဆောင်နေတယ်လို့ Saifuddin Abdullah က သတိပေးပါတယ်။
အာဆီယံနဲ့ မလေးရှားအနေနဲ့ စစ်အုပ်စုရဲ့ အဲဒီနည်းဗျူဟာထဲ မကျရောက်ဖို့လိုပြီး လာမယ့်အစည်းအဝေးတွေမှာ ရိုဟင်ဂျာကိုယ်စားလှယ်တွေ လုံးဝမပါဝင်တာဟာလည်း စိုးရိမ်စရာဖြစ်တယ်လို့ သူက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် တသိန်းကျော်ကို ဆက်လက်လက်ခံထားရတာဟာ စစ်အုပ်စုက ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ငြင်းပယ်ပြီး ဖိနှိပ်ကာ နေရပ်ကနေ မောင်းထုတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ပြန်ရရေး၊ တန်းတူအခွင့်အရေးရရှိရေးနဲ့ ဘေးကင်း၊ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အဓိကသက်ဆိုင်သူတွေ မပါဘဲ စစ်အုပ်စုနဲ့သာ တွေ့ဆုံတာက ဘယ်လိုအထောက်အကူပြုနိုင်မလဲလို့လည်း Saifuddin Abdullah က မေးခွန်းထုတ်ထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုဟာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ တဦးတည်းသော ဆွေးနွေးဖက် ဖြစ်လို့မရဘူးလို့ သူက ပြောပါတယ်။
အာဆီယံနဲ့ မလေးရှားရဲ့ ယုံကြည်စိတ်ချရမှုဟာ အခုကိစ္စအပေါ် ဘယ်လိုရပ်တည်မလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွှယ်နေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က သတိပေးထားပါတယ်။


