၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုကြောင့် ကလေးသူငယ် ၁,၀၈၃ ဦး သေဆုံးပြီး ၆၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးအကျပ်အတည်း” ဆိုတဲ့ အစီရင်ခံစာမှာ ကလေးတွေ သတ်ဖြတ်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ မတရားဖမ်းဆီးခံရတာ၊ ပညာရေးဆုံးရှုံးတာ၊ နေရပ်စွန့်ခွာရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို စုစည်းဖော်ပြထားပါတယ်။
AAPP ရဲ့ မှတ်တမ်းအရ သေဆုံးခဲ့တဲ့ ကလေးတွေထဲမှာ အသက် ၁၃ နှစ်အောက် ၆၃၂ ဦးနဲ့ အသက် ၁၃ နှစ်အထက် ၄၅၁ ဦး ပါဝင်ပြီး အသက်အငယ်ဆုံးက နှစ်လအရွယ် ကလေးငယ်တစ်ဦး ဖြစ်ပါတယ်။
အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတဲ့ ကလေးသေဆုံးမှု ၄၀၀ ခန့်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
နှစ်အလိုက် ကလေးသေဆုံးမှုမှာ ၂၀၂၁ ခုနှစ်က ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်က ၂၉၃ ဦး၊ ၂၀၂၃ ခုနှစ်က ၂၅၁ ဦး၊ ၂၀၂၄ ခုနှစ်က ၂၀၈ ဦး၊ ၂၀၂၅ ခုနှစ်က ၁၃၅ ဦးနဲ့ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ ၉၅ ဦး ရှိခဲ့ပါတယ်။
ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက Mi-35 ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ်ကနေ ၁၃ နှစ်ကြား ကလေး ၁၁ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကလေး ၁၇ ဦးနဲ့ ဆရာ၊ ဆရာမနှစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်ချိန်မှာ ကျောင်းအတွင်း ကလေး ၂၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စာသင်ကျောင်းတွေဟာ ပညာသင်ယူရာနေရာသာမက စစ်ဘေးရှောင်တွေ ခိုလှုံရာနေရာတွေလည်း ဖြစ်လာပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တယ်လို့ AAPP က ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် ကလေးတွေရဲ့ ပညာသင်ယူခွင့်၊ လုံခြုံစွာသင်ယူခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်။
AAPP ရဲ့ မှတ်တမ်းအရ စစ်အာဏာသိမ်းချိန်ကနေ ဇွန်လကုန်အထိ ကလေး ၆၃၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မိဘတွေကို ဖမ်းမမိတဲ့အခါ ကလေးတွေကို အစားထိုးဖမ်းဆီးတာ၊ မိဘတွေ လာရောက်အဖမ်းခံစေဖို့ ဓားစာခံအဖြစ် ထိန်းသိမ်းတာနဲ့ နိုင်ငံရေးတက်ကြွသူတွေရဲ့ သားသမီးဖြစ်တာကြောင့် ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ ကလေးတချို့ဟာ မိသားစုနဲ့ ဆက်သွယ်ခွင့်မရဘဲ စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရပြီး ကလေးတွေကို နိုင်ငံရေးဖိအားပေးရေး ကိရိယာတစ်ခုအဖြစ် အသုံးချနေတယ်လို့ AAPP က သုံးသပ်ပါတယ်။
နိုင်ငံရေးအကျဉ်းသူ မိခင်တွေနဲ့အတူ အကျဉ်းထောင်ထဲမှာ နေထိုင်နေရတဲ့ ကလေးတွေဟာ သီးခြားစောင့်ရှောက်မှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့တွေ လုံလောက်စွာ မရရှိကြဘူးလို့လည်း ဆိုပါတယ်။
ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူတချို့ဟာ အကျဉ်းထောင်ထဲမှာပဲ မီးဖွားခဲ့ရပြီး အချိန်မီဆေးရုံပို့ဆောင်မပေးတာကြောင့် မွေးကင်းစကလေး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာမီးရှို့မှုတွေကြောင့် ကလေးထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်း၊ ဘုန်းကြီးကျောင်းနဲ့ ယာယီခိုလှုံရာတွေမှာ နေထိုင်နေကြရပါတယ်။
နေရပ်စွန့်ခွာရတာကြောင့် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ မိသားစုချိတ်ဆက်မှုနဲ့ လူမှုအသိုက်အဝန်းထဲ ပါဝင်နိုင်မှုတွေ ထိခိုက်နေပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေမှာ ကြောက်ရွံ့တာ၊ စိုးရိမ်ပူပန်တာ၊ အိပ်မပျော်တာနဲ့ စိတ်ဒဏ်ရာလက္ခဏာတွေ ပိုများလာတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ဒါကြောင့် ပဋိပက္ခဒေသက ကလေးတွေအတွက် စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ အရေးပေါ်တိုးချဲ့ပေးဖို့ လိုအပ်နေပါတယ်။
AAPP က ကလေးတွေအတွက် ကာကွယ်စောင့်ရှောက်ရေး၊ အရေးပေါ်ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ တိုးချဲ့ပေးဖို့၊ အကျဉ်းထောင်ထဲက ကလေးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ ကလေးတွေအပေါ် ကျူးလွန်တဲ့ ပြင်းထန်ချိုးဖောက်မှုတွေအတွက် သက်သေအထောက်အထားစုဆောင်းပြီး တာဝန်ခံမှုဖော်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။


