၁၅ ဇွန် ၂၀၂၆ | New Day Myanmar
စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း စစ်ကော်မရှင်က ရောင်းချနေတဲ့ အောင်ဘာလေထီ ရောင်းအားဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတယ်လို့ New Day Myanmar ရဲ့ စိစစ်ချက်အရ သိရပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် အောင်ဘာလေထီမှာ ထီလက်မှတ်စာအုပ် ၃,၂၇၂,၇၂၀ အုပ် ရောင်းချနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ၈၂ ကြိမ်မြောက် အောင်ဘာလေထီမှာတော့ ထီလက်မှတ်စာအုပ် ၉၈၁,၈၁၆ အုပ်သာ ရောင်းချနိုင်ခဲ့တာကြောင့် ငါးနှစ်အတွင်း ထီလက်မှတ်စာအုပ် ၂,၂၉၀,၉၀၄ အုပ် လျော့နည်းသွားတာ ဖြစ်ပါတယ်။
အဲဒီအရေအတွက်ကို ရာခိုင်နှုန်းနဲ့ တွက်ချက်ပါက အောင်ဘာလေထီ ရောင်းအားဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပြီး ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားတာ တွေ့ရပါတယ်။
စစ်ကော်မရှင်က ရောင်းချနေတဲ့ အောင်ဘာလေထီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကြား စိတ်ဝင်စားမှု သိသိသာသာ လျော့ကျလာခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဆုမဲအသစ်တွေ ထည့်သွင်းပြီး ပြန်လည်ဆွဲဆောင်ခဲ့ပေမယ့်လည်း ဒီနေ့အထိ ယခင်ကာလတုန်းကလို ရောင်းအားအခြေအနေမျိုး ပြန်မရောက်သေးဘူးလို့ ထီလုပ်ငန်းရှင်တွေက ပြောပါတယ်။
“ထီထွက်ခါနီးရက်တွေနဲ့ ဆုကြေးငွေ လာထုတ်တဲ့ရက်တွေလောက်ပဲ အရောင်းအဝယ် ဖြစ်တာ။ တစ်လလုံးအတိုင်းအတာနဲ့ဆိုရင်တော့ အိပ်ငိုက်ပြီး ရောင်းနေရတဲ့ အခြေအနေပါ” လို့ အမည်မဖော်လိုတဲ့ ထီလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
လက်ရှိမှာ အောင်ဘာလေထီဆိုင်တွေဟာ လဆန်းပိုင်းနဲ့ လကုန်ပိုင်းရက်တွေမှာသာ အရောင်းအဝယ် အနည်းငယ်ရှိပြီး ပုံမှန်ရက်တွေမှာတော့ ရောင်းအား အေးနေတယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ထီဆိုင်လုပ်ငန်းရှင်တွေက ၂၀၂၁ ခုနှစ်မတိုင်ခင်ကလို အောင်ဘာလေထီ အရောင်းအဝယ် ပြန်ကောင်းလာနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိအချိန်အထိ မျှော်မှန်းထားသလို ဖြစ်မလာသေးဘူးလို့ သိရပါတယ်။


