Homeပြည်တွင်းသတင်းအမေရိကန်နဲ့ အီရန် ပဏာမငြိမ်းချမ်းရေးသဘောတူညီချက်ကို သောကြာနေ့မှာ လက်မှတ်ထိုးမယ်

အမေရိကန်နဲ့ အီရန် ပဏာမငြိမ်းချမ်းရေးသဘောတူညီချက်ကို သောကြာနေ့မှာ လက်မှတ်ထိုးမယ်

၁၅ ဇွန် ၂၀၂၆ | New Day Myanmar

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အာဏာပိုင်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို အဆုံးသတ်နိုင်ရေး၊ ပိတ်ဆို့မှုတွေ လျှော့ချရေးနဲ့ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးအတွက် ပဏာမ မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ သဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ပြီး အာရှစတော့ဈေးကွက်တွေမှာလည်း မြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော် အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ အဓိကအချက်တွေကိုတော့ ရှေ့ဆက်ဆွေးနွေးပွဲတွေမှာ ဆက်လက်ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရနဲ့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ၎င်းရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ကြားခံစေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ကလည်း သဘောတူညီချက် ရရှိခဲ့တာကို အတည်ပြုခဲ့ပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာကို လာမယ့် သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို တရားဝင် အပြည့်အစုံ မထုတ်ပြန်ရသေးပေမယ့် လက်ဘနွန်အရေးအပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးတိုင် ရပ်ဆိုင်းရေး ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးက စစ်ရေးလှုပ်ရှားမှုတွေကို တနင်္လာနေ့ညပိုင်းကစပြီး အပြီးတိုင် ရပ်ဆိုင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ သို့သော် ယခုဆွေးနွေးပွဲတွေမှာ မိမိတို့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ပြောဆိုထားတဲ့ အစ္စရေးဘက်ကတော့ ချက်ချင်း တုံ့ပြန်မှု မရှိသေးပါဘူး။

သမ္မတထရမ့်က အီရန်ဘက်က လပေါင်းများစွာ ပိတ်ထားခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုကိုလည်း ရုပ်သိမ်းဖို့ အမိန့်ပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် အဲဒီလမ်းကြောင်း ပြန်လည်ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟောင်း မက်သရူး မီလာကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ဘက်ကို အရေးပါတဲ့ အလျှော့ပေးမှုတွေ ပြုလုပ်ခဲ့ရနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အမှန်တကယ် ဖြေရှင်းနိုင်မယ့် အာမခံချက် မရှိသေးဘဲ ကမ္ဘာ့စီးပွားရေးကို ဖိအားပေးကာ အီရန်ဘက်က လိုချင်တာတွေ တောင်းဆိုနိုင်ခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးကာလအတွင်း စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နဲ့ လက်ဘနွန်မှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယခုစစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သမ္မတထရမ့်နဲ့ ရီပတ်ဘလစ်ကန်ပါတီအတွက် နိုင်ငံရေးအရ ဖိအားတစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်ဖို့ ပြည်တွင်းဖိအားတွေ ရှိနေပါတယ်။

ရီပတ်ဘလစ်ကန်အမတ် လင်ဆေးဂရေဟမ်ကတော့ ယခုသဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး အီရန်နဲ့ ပြုလုပ်မယ့် မည်သည့်နျူကလီးယားသဘောတူညီချက်မဆို လွှတ်တော်ရဲ့ ပြန်လည်သုံးသပ်မှုနဲ့ မဲခွဲဆုံးဖြတ်မှုကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ယခု ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ အစ္စရေးက လက်ဘနွန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ကြားက ရရှိလာတာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အမေရိကန်နဲ့ အီရန်တို့ သဘောတူညီချက်ရရှိနိုင်ရေးအတွက် လက်ဘနွန်ရှိ စစ်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုမှုအပေါ် သဘောထားကွဲလွဲနေခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတထရမ့်ကလည်း နယူးယောက်တိုင်းမ်နဲ့ အင်တာဗျူးတစ်ခုမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို “အလွန်ခက်ခဲတဲ့ လူတစ်ယောက်” လို့ ပြောဆိုခဲ့ပြီး အီရန်ရဲ့ နျူကလီးယားအန္တရာယ်မှ ကာကွယ်ပေးခဲ့တာအတွက် ၎င်းကို ကျေးဇူးတင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတွေမှာ ဖော်ပြထားတဲ့ သဘောတူညီချက်မူကြမ်းအရ အမေရိကန်ဘက်က ပိတ်ဆို့ထားတဲ့ အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၅ ဘီလီယံကို ပြန်လည်လွှဲပြောင်းပေးရေး ပါဝင်နိုင်ပြီး အီရန်ဘက်ကလည်း နျူကလီးယားလက်နက် မတည်ဆောက်ရေးနဲ့ ယူရေနီယံသိုလှောင်မှုဆိုင်ရာ အချက်တွေကို ဆက်လက်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ယခုသဘောတူညီချက်ဟာ စစ်ရေးပဋိပက္ခကို ခေတ္တရပ်တန့်စေနိုင်တဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပေမယ့် အီရန်နျူကလီးယားအစီအစဉ်၊ ပိတ်ဆို့မှုရုပ်သိမ်းရေးနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ အဓိကကိစ္စတွေမှာတော့ အပြီးသတ်သဘောတူညီချက် ရရှိဖို့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး