၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို သယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ငွေသား ဘတ် ၂၃ သန်းကို ခြေရာခံစုံစမ်းရာကနေ “နူချန်” လို့ခေါ်တဲ့ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်ရဲ့ ငွေကြေးခဝါချမှုလမ်းကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆက်စပ်နေရာ ရှစ်ခုကို ထိုင်းအာဏာပိုင်တွေက တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း ဒစ်ဂျစ်တယ်ငွေကြေးအိတ်၊ ဘဏ်စာရင်း၊ ငွေသား၊ ရွှေ၊ မော်တော်ယာဉ်နဲ့ မြေကွက်တွေ အပါအဝင် ဘတ် ၃၄ ဒသမ ၃ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်း၊ ချိတ်ပိတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) က ဇွန်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအမှုရဲ့ အစဟာ ဇွန်လ ၂၃ ရက်က မယ်ဆိုင်–တာချီလိတ် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက်ကို ငွေသားသယ်ထုတ်ဖို့ ကြိုးပမ်းတဲ့ မြန်မာအမျိုးသားတဦးဆီက ဘတ် ၂၃ သန်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကွန်ရက်အဖွဲ့ဝင်တဦးက အဲဒီငွေတွေဟာ “နူချန်” ကွန်ရက်ပိုင်ငွေတွေဖြစ်တယ်လို့ ထွက်ဆိုခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက ငွေကြေးလမ်းကြောင်းကို ဆက်လက်ခြေရာခံခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ထိုင်းနိုင်ငံက ဘဏ်စာရင်းတွေကတဆင့် ငွေသားအဖြစ် ပြောင်းလဲထုတ်ယူပြီး မြန်မာနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် သယ်ယူဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသက်သေအထောက်အထားတွေက “နူချန်” ကွန်ရက်ရဲ့ ငွေကြေးခဝါချမှုနဲ့ နယ်စပ်ဖြတ်ကျော်ငွေလွှဲလမ်းကြောင်းကို ချိတ်ဆက်ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီနောက် ONCB၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ ထိုင်းကြည်းတပ်နဲ့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့တို့က ချင်းရိုင်နဲ့ မယ်ဆိုင်က ဆက်စပ်နေရာ ရှစ်ခုကို တပြိုင်နက် ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
စီးနင်းမှုအတွင်း ဘတ် ၄ သန်းကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးအိတ်တအိတ်၊ ဘဏ်စာရင်း ၁၁ ခုထဲက ဘတ် ၄ ဒသမ ၆ သန်းခန့်၊ ငွေသား၊ ရွှေတုံး၊ ရွှေထည်ပစ္စည်းတွေ၊ မော်တော်ယာဉ် သုံးစီးနဲ့ မြေကွက်ပိုင်ဆိုင်မှုစာချုပ် ၁၄ ခုကို သိမ်းဆည်းခဲ့ပါတယ်။
သိမ်းဆည်း၊ ချိတ်ပိတ်ထားတဲ့ ပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုးဟာ ဘတ် ၃၄ ဒသမ ၃ သန်းကျော် ရှိပါတယ်။
“နူချန်” ကွန်ရက်ခေါင်းဆောင်ကို ဧပြီလ ၇ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် အခုစစ်ဆင်ရေးဟာ တတိယအကြိမ်မြောက် ဆက်လက်ဖော်ထုတ်နှိမ်နင်းတာဖြစ်တယ်လို့ ONCB က ပြောပါတယ်။
အရင်စစ်ဆင်ရေးတွေမှာလည်း ဘတ် ၇၅ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခဲ့ပြီး ကွန်ရက်ဟာ အာဏာပိုင်တွေရဲ့ စစ်ဆေးမှုကို ရှောင်ရှားဖို့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို အသုံးပြုပြီး ငွေကြေးခဝါချတဲ့ နည်းလမ်းတွေ ပြောင်းလဲအသုံးပြုလာတယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက ငွေကြေးလမ်းကြောင်းတွေကို ဆက်လက်ခြေရာခံပြီး ကွန်ရက်ကို ငွေကြေးထောက်ပံ့သူတွေ၊ အဓိကညွှန်ကြားသူတွေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


