Homeပြည်တွင်းသတင်းအကျဉ်းသားအချို့ကို လွှတ်ပေးတာ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာသာဖြစ်တယ်လို့ AAPP ပြော

အကျဉ်းသားအချို့ကို လွှတ်ပေးတာ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာသာဖြစ်တယ်လို့ AAPP ပြော

၁၇ ဧပြီ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်ရဲ့ မတရားဖမ်းဆီးထောင်ချထားတဲ့ ပြည်သူတွေထဲက တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဝမ်းမြောက်ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီလို လွှတ်ပေးမှုတွေရှိပေမယ့် စစ်ကော်မရှင်က နိုင်ငံအနှံ့ ဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မမေ့ဖျောက်နိုင်ဘူးလို့လည်း ထောက်ပြထားပါတယ်။

အထူးသဖြင့် သင်္ကြန်ကာလအတွင်းမှာတောင် အရပ်သားတွေကို လေကြောင်းတိုက်ခိုက်တာ၊ သတ်ဖြတ်တာနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အကျဉ်းသားတချို့ကို လွှတ်ပေးတာဟာ စစ်ကော်မရှင်နဲ့ သူတို့လက်ပါးစေတွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ငြိမ်ရေးကို အမှန်တကယ်လိုချင်တယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို မူလတာဝန်တွေ ပြန်လည်ပေးအပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ဆောင်မှုတွေမရှိဘဲ လွှတ်ပေးတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်ပေးထားတာဟာ လွတ်လပ်မှုမဟုတ်ဘဲ ထိန်းချုပ်မှုတွေ ဆက်ရှိနေတဲ့ အခြေအနေတစ်ခုသာ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ လွတ်မြောက်လာသူတွေဟာ နေရပ်ပြန်ရေး အခက်အခဲတွေ၊ လုံခြုံရေးအန္တရာယ်တွေကို ဆက်လက် ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အချို့ အကျဉ်းသားတွေကို နေရပ်ဝေးထောင်တွေမှာ ထားရှိထားတာကြောင့် အိမ်ပြန်ရာမှာ အခက်အခဲများ ရှိနိုင်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို ပြန်ရမယ့်သူတွေမှာ အန္တရာယ်များနေတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် လွတ်မြောက်လာတဲ့ လူငယ်နိုင်ငံရေးအကျဉ်းသားတွေဟာလည်း စစ်မှုထမ်းဥပဒေကြောင့် ပြင်ပဘဝမှာ မသေချာမရေရာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဆက်လက် ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်စွာ ဆက်လက် ကြိုးပမ်းဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက တိုက်တွန်းထားပါတယ်။

ပုံစာ- ဧပြီး ၁၇ ရက် နေ့လယ်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတွေ့ရစဉ်

ဓါတ်ပုံ – Htin Lin Oo

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး